မြောက်ကိုရီးယားဟာ နိုင်ငံသမိုင်းမှာ နျူကလီးယား စစ်လက်နက်တွေ အရေအတွက် အများဆုံး ပါဝင်တဲ့ စစ်ရေးပြပွဲကြီးကို ပြုလုပ်သွားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ထူထောင်မှုူ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၈ ရက်က ပြုံယမ်းမြို့တော်မှာ ညပိုင်းအချိန် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ စစ်ရေးပြပွဲရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို နောက်တစ်နေ့မှာ အစိုးရ မီဒီယာတွေက ထုတ်ပြန် ပြသခဲ့ပါတယ်။
မှတ်တမ်းတွေအရ မြောက်ကိုရီးယားဟာ မဟာဗျူဟာ တိုက်ချင်းပစ် ICBM ဒုံးကျည်တွေကို အရင်ကထက် အရေအတွက် သိသိသာသာ မြှင့်တင်ပြီး ပြသထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ နည်းပညာ ပိုမြင့်တဲ့ လောင်စာခဲ နည်းပညာသုံး နျူကလီးယား ထိပ်ဖူးတပ် ICBMတွေပါ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယား အစိုးရဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ နိုင်ငံရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည် နည်းပညာတွေကို ဆက်တိုက် မြှင့်တင်နိုင်ခဲ့ပါတယ်။
အခု စစ်ရေးပြပွဲမှာတော့ မြောက်ကိုရီးယားဟာ Hwasong-17 အမျိုးအစား တာဝေးပစ် ဒုံးကျည် ၁၁ စင်းလောက်ထိ ခင်းကျင်း ပြသသွားခဲ့တယ်လို့ ယုံကြည်ရကြောင်း လေ့လာသူတွေက ပြောပါတယ်။ Hwasong-17တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ ခေတ်အမီဆုံး တီထွင်မှုတွေလို့ သတ်မှတ် ခံထားရပြီး ကမ္ဘာရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ချိန်ရွယ် ပစ်ခတ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
လေ့လာသူတွေကတော့ တကယ်လို့သာ မြောက်ကိုရီးယားက Hwasong-17ကို တပြိုင်တည်း၊ ဒါမှမဟုတ် စဉ်ဆက်မပြတ်နီးပါး ပစ်လွှတ်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ လက်ရှိ ဒုံးခွင်းဒုံး စနစ်တွေ မနိုင်မနင်း ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
မြောက်ကိုရီးယားဟာ မနှစ်တုန်းက Hwasong-17 ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ အခုတော့ စစ်ရေးပြပွဲမှာ ဒီဒုံးကျည်တွေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ထုတ်ဖော် ခင်းကျင်းလာတာပါ။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေတဲ့ ကာလတစ်ခုမှာ အခုလို တခမ်းတနား စစ်ရေးပြပွဲကြီးကို ကျင်းပတာ တာဝန်မဲ့လွန်းတယ်လို့ ဝေဖန် ရှုတ်ချသွားပါတယ်။