စူပါလိဂ် ပြိုင်ပွဲကို အသက်သွင်းဖို့ အားထုတ်မှုတွေ တကျော့ပြန် ခေါင်းထောင်လာ

ဥရောပ ထိပ်တန်း ဘောလုံးကလပ်တွေ အဓိက စုဖွဲ့ထားမယ့် ဥရောပ စူပါလိဂ် ဘောလုံးပြိုင်ပွဲကြီးကို နောက်တစ်ကြိမ် အကောင်အထည်ဖော်ဖို့ အားထုတ်မှုတွေ ပြန်လည် စတင်လာပါတယ်။

 A22 ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဘန်း ရိုင်းချတ်က သူတို့ ရည်ရွယ်ထားတဲ့ စူပါလိဂ်ဟာ အင်အားကြီး ကလပ်တွေပဲ မောင်ပိုင်စီးထားမှာမျိုး မဟုတ်ဘဲ နှစ်အလိုက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ အသင်းတွေကိုပါ ဖိတ်ခေါ် နေရာပေးဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ A22ကတော့ ဥရောပ ကလပ်အသင်း ဘောလုံးပြိုင်ပွဲတွေကို ပြင်ဆင်ပြောင်းလဲဖို့ အဓိက တွန်းအားပေး လှုံ့ဆော်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

 A22ဟာ ၂၀၂၁ တုန်းက ဥရောပ ထိပ်သီး ကလပ် ၁၂ ခု ပါဝင်မယ့် စူပါလိဂ်ပြိုင်ပွဲ ထူထောင်ရေးအတွက် တက်တက်ကြွကြွ စီစဉ်ခဲ့ဖူးပေမယ့် ပရိသတ်တွေဆီကပါ ပြင်းထန်တဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။ အဲဒီတုန်းက လျာထားတဲ့ စူပါလိဂ်ရဲ့ ပုံစံက ပြိုင်ပွဲထူထောင်သူ ၁၂ သင်း၊ နောက်မှ လာပေါင်းမယ့် အမည် အတိအကျ မဖော်ပြတဲ့ အသင်း ၃ သင်းအပြင် နှစ်အလိုက် ပြည်တွင်းပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်း ပြသမယ့် အသင်း ၅ သင်း၊ စုစုပေါင်း အသင်း ၂၀ နဲ့ လည်ပတ်စေမှာ ဖြစ်ပါတယ်။

 ရိုင်းချတ်က ဥရောပ ဘောလုံးလောကရဲ့ အခြေခံ အုတ်မြစ်တွေဟာ လုံးဝဥဿုံ ပြိုကျလုနီးနီး ဖြစ်နေပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ လိုနေပြီလို့ ပြောပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြိုင်ပွဲရဲ့ အခြေခံ မူဝါဒတွေမှာပါ စွမ်းဆောင်ရည်ပိုင်းကို အဓိက အားပေးပြီး ပုံသေ အသင်းတွေ သတ်မှတ် မထားတော့ဖို့ ရည်ရွယ်ကြောင်း၊ အရေးကြီးတာက ဥရောပ ကလပ်တွေဟာ သူတို့ ပတ်ဝန်းကျင်မှာ အားကစားနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်တိုင်တွေ တောက်လျှောက် ပြိုကျနေတာကို ဖာသိဖာသာ ဘေးထွက်ထိုင်ပြီး ကြည့်မနေဖို့ဖြစ်ကြောင်း ရိုင်းချတ်က ဆိုပါတယ်။

 ၂၀၂၁ တုန်းကတော့ စူပါလိဂ်ဟာ ငွေကြေး အကျိုးအမြတ် တစ်ခုတည်းကိုသာ ရှေ့တန်းတင်လွန်းတယ်ဆိုတဲ့ ကန့်ကွက်မှုတွေနဲ့အတူ အထမမြောက်ခဲ့ပါဘူး။ အဲဒီတုန်းက ပြိုင်ပွဲ ထူထောင်သူတွေအဖြစ် ပါဝင်မယ့် အင်္ဂလန် ကလပ်တွေထဲက အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ဟာ ပရောဂျက်မှာ ပူးပေါင်းဖို့ သဘောတူပြီး ၄၈ နာရီအတွင်း ပြန်လည် နုတ်ထွက်သွားခဲ့ပါတယ်။

 ဒါပေမဲ့ စပိန်ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်၊ အီတလီရဲ့ အစဉ်အလာ အကြီးဆုံးကလပ် ဂျူဗင်းတပ်စ်တို့ကတော့ စူပါလိဂ် ထူထောင်ရေး အတွေးအမြင်တွေကို ခိုင်ခိုင်မာမာ ဆက်ပြီး ဆုပ်ကိုင်ထားခဲ့ပါတယ်။

 အသစ် အဆိုပြုမယ့် စူပါလိဂ် ပုံစံမှာတော့ အသင်းပေါင်း ၆၀ ကနေ ၈၀ ထိ ပါဝင်ပြီး တစ်သင်းကို ရာသီတိုင်းမှာ အနည်းဆုံး ၁၄ ပွဲလောက် ကစားဖို့ အာမခံနိုင်မယ်လို့ ရိုင်းချတ်က ဆိုတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ A22က မထုတ်ပြန်သေးပါဘူး။

 A22က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)တို့ဟာ စူပါလိဂ်နဲ့ ပူးပေါင်းချင်တဲ့ အသင်းတွေကို အပြင်းအထန် အရေးယူမယ်လို့ ခြိမ်းခြောက်တာဟာ ပြိုင်ပွဲ ဥပဒေသတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ စူပါလိဂ်ဟာ လာရောက် ပူးပေါင်းတဲ့ ထိပ်တန်း ဘောလုံးကလပ်တွေကို ငွေကြေး အကျိုးအမြတ် အမြောက်အမြား ရရှိစေမယ်ဆိုတဲ့ မက်လုံးပေးမှုနဲ့ အသင်းတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။