စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်းတော်မြို့နယ်မှာ စိတ်ကျန်းမာရေးမကောင်းသူတဦး ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊မဲဇာရွာ က ရဲစခန်းရှေ့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ပြည်သူတဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်သတ်လိုက်တယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူက စိတ်ကျန်းမာရေးမကောင်းဘူးဗျ အမေနဲ့အတူနေတာ၊ ဒီလိုပဲသူကသွားလာနေကျပါ၊ စိတ်ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ မာရှယ်လောထုတ်တာတွေ၊ အခြေအနေတွေဘယ်သိမလဲ” လို့ သူက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက်လေးဆယ့်ငါးနှစ်အရွယ် အလယ်ဆိပ်ရွာသား ကိုစိုးနိုင်ဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုအပြန် မဲဇာရဲစခန်းရှေ့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

မဲဇာရဲစခန်းမှာ လက်ရှိတပ်စွဲထားတဲ့ စစ်ကောင်စီစစ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတချို့ဟာ ဒေသခံတွေမဟုတ်ပဲ ရပ်ဝေးကနေလာသူတွေဖြစ်တယ်လို့သိရပါတယ်။

“ဒေသခံချင်းဆို ညှာနေမှာစိုးလို့ ဒေသခံကို သူတို့မထားဘူး” လို့ ဒေသတော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဆယ့်တမြို့နယ်မှာ အင်းတော်မြို့ နယ်လည်း အပါအဝင်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေငြာခံရတဲ့ မြို့နယ်တွေမှာ ညနေ ၆ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့ ဒေသတွေဟာ တော်လှန်ရေးအင်အားစုဝင်တွေအတွက် ထူးခြားမှုမရှိပေမယ့် မြို့နေပြည်သူတွေ၊ စစ်ကောင်စီစခန်းဝန်းကျင်နေရတဲ့ပြည်သူတွေအတွက် သတိထားရမှာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တဦးက သုံးသပ်ပြောဆိုပါတယ်။