ကနေဒါမှာ မူကြိုကျောင်းကို ဘတ်စ်ကားနဲ့ ဝင်တိုက်တဲ့ ယာဉ်မောင်းကို လူသတ်မှုနဲ့ စွဲချက်တင်

ကနေဒါ နိုင်ငံမှာ မူကြိုကျောင်း တစ်ခုကို ဘတ်စ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်းကို လူသတ်မှုနဲ့ စွဲချက် တင်ထားလိုက်ကြောင်း သိရပါတယ်။

 ကွိဘက်ပြည်နယ်၊ မွန်ထရယ်လ် မြို့နားက လာဗဲလ် ဧရိယာမှာရှိတဲ့ လူစည်ကားရာ မူကြိုကျောင်း တစ်ခုကို ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းမှာ ဘတ်စ်ကား တစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ တချို့ ကလေးတွေက ဘတ်စ်ကားအောက်မှာ ညပ်နေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

 ကျောင်းဖယ်ရီ ဘတ်စ်ကားရဲ့ ယာဉ်မောင်းဖြစ်သူ ပီယေး နိုင်စိန့် အေမန်ဟာ ကလေးတွေကို ကျောင်းမှာ လာချပေးခဲ့တဲ့နောက် အခု ယာဉ်တိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ ရဲတွေက ယူဆထားပါတယ်။ သူ့ကို အခင်းဖြစ်တဲ့ နေရာမှာ ဖမ်းဆီး ရမိတဲ့နောက် နာရီပိုင်းအတွင်း တရားရုံး တစ်ခုမှာ လူသတ်မှု (ပထမအဆင့်)၊ လူသတ်ရန် ကြံစည်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ လူအများ ထိခိုက်နာကျင်စေမှုတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

 အခုလုပ်ရပ်ကို ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး အသက် ၅၁ နှစ်အရွယ် အေမန်ဟာ ကျောင်းဖယ်ရီ ဝန်ဆောင်မှုကိုလည်း တာဝန်ယူထားတဲ့ ဒေသခံ ပြည်သူ့ သယ်ယူပို့ဆောင်ရေး စနစ်မှာ ယာဉ်မောင်းအဖြစ် အလုပ်လုပ်နေတာ ၁၀ နှစ်ကျော် ရှိခဲ့ပြီးပြီလို့ သိရပါတယ်။

 ယာဉ်မောင်းဟာ မူကြိုကို ဘတ်စ်ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက် အပြင်ကို ထွက်လာပြီး ဂဏှာမငြိမ်သလိုတွေ ဖြစ်နေခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။ ဒဏ်ရာရသူ တစ်ဒါဇင်လောက်မှာ အရမ်း အခြေအနေ ဆိုးရွားသူတွေ မပါတာကြောင့် အသေအပျောက် ထပ်မတိုးလာဖို့ ရဲတွေက မျှော်လင့်နေပါတယ်။

 တရားရုံးမှာ စွဲချက်တင်ခဲ့တဲ့ နောက်မှာတော့ တရားသူကြီးက အေမန်ကို စိတ်အခြေအနေ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားလိုက်ကြောင်း သိရပါတယ်။ အခင်းဖြစ်တဲ့ နေ့မှာပဲ မူကြိုကျောင်းနားမှာ အရေးပေါ် တုံ့ပြန်ကူညီရေး ယာယီစင်တာ တစ်ခုကို ဖွင့်လှစ်ထားခဲ့ပြီး ကလေးတွေ၊ မိသားစုဝင်တွေနဲ့ သင်ကြားရေး ဝန်ထမ်းတွေကို နှစ်သိမ့် အားပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 မွန်ထရယ်လ်မှာ ရှိနေတဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက သူ့အနေနဲ့ ထိခိုက် ကြေကွဲရသူ အားလုံးနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်ကျန်းမာလာဖို့ ဆန္ဒပြုပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။