တရုတ်ဟာ အမေရိကန်မှာတင် မကဘဲ ကမ္ဘာအနှံ့မှာ စပိုင် မိုးပျံပူဖောင်းတွေ လွှတ်တင်ထားတာ ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
အမေရိကန် ပိုင်နက်ထဲမှာ ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ လေကြောင်းကနေ သူလျှိုလုပ် ထောက်လှမ်းနေတဲ့ မိုးပျံပူဖောင်း တပ်ဖွဲ့ကြီး တစ်ခုရဲ့ အစိတ်အပိုင်းလောက်သာ ရှိသေးတယ်လို့ အမေရိကန်က ယူဆနေပါတယ်။ မိုးပျံပူဖောင်းနဲ့ စပိုင်လုပ်တဲ့ ကိစ္စမျိုး ကြုံရတာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆိုပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲက ဆယ်ယူထားတဲ့ မိုးပျံပူဖောင်း အစိတ်အပိုင်းတွေကို စစ်ဆေးနေပြီး သူလျှိုပစ္စည်း ဟုတ်မဟုတ် ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေပါတယ်။ တရုတ်ကတော့ အမေရိကန် ပစ်ချခဲ့တာဟာ မိုးလေဝသ လေ့လာရေး သုတေသန ဓာတ်ငွေ့ ဘောလုံး တစ်ခုသာ ဖြစ်တယ်လို့ အခိုင်အမာ ငြင်းဆိုနေဆဲပါ။
အမေရိကန်ကတော့ တရုတ်ရဲ့ အလားတူ မိုးပျံပူဖောင်းတွေဟာ အနည်းဆုံး ကမ္ဘာ့တိုက်ကြီး ၅ ခုလောက်မှာ ဖြန့်ကျက် ပျံသန်းနေပြီး မဟာဗျူဟာအရ စိတ်ဝင်စားစရာ နေရာတွေကို ဖြတ်ကျော်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဥပမာ အနေနဲ့ အမေရိကန်မှာ ပစ်ချခံရတဲ့ မိုးပျံပူဖောင်းဟာ အမေရိကန်ရဲ့ နျူကလီးယား ထိပ်ဖူးတွေ သိုလှောင် ထားရှိရာ မွန်တာနာ ပြည်နယ်ကို ဖြတ်ကျော်ခဲ့ပါတယ်။
အမေရိကန်ရဲ့ အဆိုအရ ပစ်ချခံရတဲ့ တရုတ် မိုးပျံပူဖောင်းဟာ အမြင့် ပေ ၂၀၀ လောက်ရှိပြီး ပေါင်ချိန် ထောင်နဲ့ချီ လေးလံတဲ့ ပစ္စည်းတွေကို သယ်ယူနိုင်တဲ့ ဝန်တင်နိုင်စွမ်းမျိုး ရှိတယ်လို့လည်း သိရပါတယ်။
အမေရိကန် ရေတပ်က ဆယ်ယူရရှိထားတဲ့ ဘောလုံးဟာ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းကနေ လွှတ်တင်ခဲ့တာလို့ ယူဆရကြောင်း နာမည်မဖော်တဲ့ အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။ အဲဒီလို ဘောလုံးမျိုးတွေဟာ ဂျပန်၊ အိန္ဒိယ၊ ဗီယင်နမ်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရှိနေခဲ့လိမ့်မယ်လို့ အမေရိကန်က ယူဆထားပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ပတ်ရိုင်ဒါက မြောက်အမေရိက၊ တောင်အမေရိက၊ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ဥရောပ တခွင်မှာ အဲဒီလို မိုးပျံပူဖောင်းတွေ ပျံ့နှံ့ ပျံသန်းနေမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါသေးတယ်။ အခုအခါမှာ အမေရိကန်ဟာ အဲဒီ မိုးပျံပူဖောင်းတွေအကြောင်း အတော်ကြီး သိလာပြီး ဘယ်လိုဘယ်ပုံ ခြေရာခံ စောင့်ကြည့်ရမလဲ ဆိုတာကိုလည်း နားလည်နေပြီလို့ သူက ဆိုပါတယ်။
အမေရိကန်က တရုတ် မိုးပျံပူဖောင်းတွေဟာ အရင် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်တုန်းက ကာလတွေ အပါအဝင် အမေရိကန် လေပိုင်နက်ထဲမှာ အနည်းဆုံး ၄ ခါလောက် ဖြတ်ကျော် ပျံသန်းဖူးပြီးပြီလို့ မှတ်ချက်ပေးခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
မိုးပျံပူဖောင်းရဲ့ ပင်မ အပျက်အစီး အစိတ်အပိုင်းကို ဆယ်ယူ ရရှိထားပေမယ့် အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်က တခြား ထောက်လှမ်းရေး နည်းပညာဆိုင်ရာ ပစ္စည်း အကြွင်းအကျန်တွေကိုပါ ဆက်ပြီး ရှာဖွေနေဆဲလို့ သိရပါတယ်။