အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် အင်ဖာခရိုင် Sajiwa အကျဉ်း ထောင်မှာ နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာ (FDC) ကို ဖေဖော်ဝါရီ ၆ ရက်က ဖွင့်လိုက်တယ် လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။
” အဖမ်းခံထားရတဲ့ မြန်မာစစ်ရှောင်တွေအတွက် Sajiwa အကျဉ်းထောင်အပြင်ဘက် တောင်ဘက်ခြမ်းက အသစ် ဆောက်ထားတဲ့ အဆောက်အဦးတခုကို ထိန်းသိမ်းရေးစခန်းလုပ်လိုက်တာပါ” လို့ မဏီပူပြည်နယ် မိုးရေးဒေသမှာ နေထိုင်သူတဦးကပြောပါတယ်။
မဏီပူရ်ပြည်နယ် အင်ဖာမြို့နယ်နဲ့ ချုရာချန်ပူရ်မြို့နယ်အတွင်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံ ထားရတဲ့ မြန်မာစစ်ရှောင် တရာ့ခြောက်ဆယ်ဟာ အဆိုပါထိန်းသိမ်းရေးစခန်း မှာနေကြရမှာ ဖြစ်တယ် လို့ဆိုပါတယ်။
” စခန်းမှာ နေကြ၊စားကြရမှာပေါ့၊အဓိက ကတော့ စစ်ကောင်စီဆီမအပ်ဖို့အရေးကြီးတာပဲ” လို့ ဖမ်းဆီးခံ ထား ရတဲ့စစ်ရှောင်တွေနဲ့ပတ်သက်လို့ ဘဝတူစစ်ရှောင်တဦးကပြောပါတယ်။
အခုလို ထိန်းသိမ်းရေးစခန်းဖွင့်လိုက်တာကြောင့် ဖမ်းဆီးခံ မြန်မာစစ်ဘေးရှောင်တွေဟာ နှစ်နိုင်ငံ နယ်စပ် ဂိတ် တမူးနဲ့ မိုရေးမြို့ နယ်ခြားဂိတ်ကနေ မိုင်(၇၀)ဝန်းကျင်အကွာက အကျဉ်းထောင်မှာ စုပေါင်းထိန်းသိမ်း ခံကြရမှာဖြစ်ပါတယ်။
အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကစလို့ မြန်မာစစ်ရှောင်တွေကို စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖေဖော် ဝါရီ ၅ ရက်ကလည်း မဏီပူရ်ပြည်နယ်မှာ အမျိုးသမီးခြောက်ဦး အပါအဝင် စစ်ရှောင် မြန်မာနိုင်ငံ သား ၁၀ ဦးကို ရဲတွေကဖမ်းဆီးခဲ့ပါသေးတယ်။
မြန်မာစစ်ရှောင်တွေကို ဖမ်းဆီးဖို့အိန္ဒိယအစိုးရက ဆက်လက်လုပ်ဆောင်နေပြီး မြန်မာစစ်ရှောင်တွေ ကိုတွေ့ရင် ဒေသခံအာဏာပိုင်တွေကိုသတင်းပို့ဖို့နဲ့ စစ်ရှောင်တွေကို ခိုလှုံခွင့်ပေးတဲ့အိမ်ရှင်တွေကိုပါ အရေးယူမယ်လို့ မဏီပူရ် ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က သူ့လူမူကွန်ယက်ပေါ်မှာရေးသား ထားပါတယ်။
အိန္ဒိယဘက်မှာမြန်မာစစ်ရှောင်တွေကိုဖမ်းဆီးတဲ့ကိစ္စဟာ အိန္ဒိယ – မြန်မာ နယ်စပ် နန်းဖာလုံ – မိုးရေးအ ထိပါ ရိုက်ခတ်မှုတွေရှိတယ်လို့ တမူးဒေသခံတွေကပြောပါတယ်။
“မြန်မာစစ်ရှောင်တွေဖမ်းတော့ ဒီဘက်ဂိတ်တွေမှာတင်းကျပ်လာတယ်၊ မိုရေးထဲစျေးသွားရောင်းတဲ့သူတွေ ဖမ်းခံ ရတာမျိုးရှိတယ်၊နောက်စျေးသည်မှန်းသိပြန်လွတ်တယ်ဆိုပေမယ့် သူတို့ကရိုက်တာ” လို့ တမူးမြို့ခံတဦး ကဆိုပါတယ်။
မြန်မာစစ်ရှောင်တွေအရေး အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီရော၊ NUG ပါဆွေးနွေးမှုတွေရှိခဲ့ပြီး ဆွေးနွေးမှုရလဒ်ကို တော့မသိရသေးပါဘူး။