ပဲခူးက နေရာလေးနေရာမှာ ဗုံးတွေဆက်တိုက်ကွဲလို့ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကျပ်ထား

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီလ၇ ရက် ည ၈ နာရီဝန်းကျင်မှာ မြို့တွင်း လေးနေရာမှာ ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စစ်တပ်က မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပေါက်ကွဲမှုတွေဟာ ပဲခူးမြို့၊ မဇင်းရက်ကွက်က မဟာစေတီကန်ကျောင်းအုတ်တံတိုင်းနေရာ၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၉ လမ်း၊ ဦးဘိုနီလမ်းထိပ်တို့ရှိ ထရမ်စဖော်မာ အနီးနဲ့ ပုဏ္ဏားစုရပ်ကွက်  ၈ လမ်းထိပ်က ထရမ်စဖော်မာသံတခါးဘေးနေရာတို့မှာ ဖြစ်ပွားခဲ့တာပါ။

‘’ဗုံးပေါက်တဲ့အသံတောက်လျောက်ကို ကြားရတယ်။ မကြာဘူးပေါက်တဲ့ နေရာတွေကိုကော အနီးက ရပ်ကွက်တွေကို တညလုံးဧည့်စာရင်းစစ်တယ်။ မြို့အတွင်းက သွားနေတဲ့သူတွေကိုတော့ ပါးရိုက်ပြီး စစ်ဆေးတာတွေပါလုပ်တယ်။ ရိုက်တဲ့အသံတွေလည်းကြားရတယ်’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးဒေသခံတဦးက DNA ကိုပြောပါတယ်။

အဲဒီပေါက်ကွဲမှုတွေဟာ အသံဗုံးဖောက်ခွဲမှုသာ ဖြစ်ပြီး ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနည်းငယ်ထိခိုက်ခဲ့ကာ ထရမ်စဖော်မာအနီးရှိ သံတံခါးနဲ့ ဓမ္မာရုံမှန်ချပ်အချို့သာ ထိခိုက်ပျက်စီးခဲ့ပြီး လူအသေအပျောက် မရှိခဲ့ဘူးလို့ လည်း မျက်မြင်တွေ့ရတဲ့ဒေသခံတွေက ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် အဲဒီနေ့က ၉ နာရီဝန်းကျင်ကစပြီး ညနက်အထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက် ၃ နေရာအပါအဝင် ရွာသစ်၊ မဂ္ဂတစ်စတဲ့ရပ်ကွက်နေရာတွေအလိုက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဧည့်စာရင်းစစ်ဆေးခဲ့တဲ့အပြင် မြို့အတွင်းမှာ သွားလာနေတဲ့ မြို့ခံအချို့ကိုလည်း ရိုက်နှက်စစ်ဆေးတာရှိခဲ့တယ်လို့ လည်း မြို့ခံတဦးကပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာလည်း စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဉ်ထိန်းတွေဟာ မြို့အဝင်အထွက်ဂိတ်တွေသာမက မြို့တွင်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာအပြင် လက်ကိုင်ဖုန်းတွေကိုစစ်တာ၊ ငွေကြေးတောင်းခံတာတွေပါရှိတယ်လို့ ပဲခူးမြို့၊ မှော်ကန်ရပ်ကွက်နေထိုင်သူတဦးကဆိုပါတယ်။

‘’အရင်ကထက် ပိုစစ်တယ်။ ပိုမေးတယ်။ ဆိုင်ကယ်ဆိုရင် ဘောက်စ်ဖွင့်ပြရတယ်။ကားဆိုရင်လည်း အနောက်ခန်းက အစ အကုန်ဖွင့်ခိုင်းတယ်။ မှတ်ပုံတင်တိုက်စစ်တာတို့၊ ဖုန်းတွေပါယူစစ်တယ်။ ကားသမားတွေဆီက ငွေတောင်းတာပါရှိတယ်’’ အဲဒီဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၆ နာရီဝန်းကျင်ခန့်ကလည်း ရှင်စောပုရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပဲခူးမြို့မဈေးကြီးအသားငါးတန်း ဈေးရုံမှာ လက်လုပ်မိုင်းတွေ့ရှိတဲ့အပြင် တပ်မ ၇၇ အရှေ့နေရာတို့မှာ ဗုံးပေါက်ကွဲတယ်လို့ သတင်းထွက်ပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာပဲခူးမြို့ဝင်ဂိတ်၊ တပ်လုံခြုံရေးဂိတ်နဲ့ မြို့နယ်ပညာရေးမှူးရုံးတွေကို ပဲခူးပကဖ၊ Bago PDF တွေက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားအချို့သေဆုံးခဲ့တဲ့အတွက် မြို့ခံလူငယ်လူလတ်ပိုင်း ၂၀ ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါသေးတယ်။

မနေ့က ဗုံးခွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ဒီကနေ့အထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။