ရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ခံရလို့ တနင်္သာရီ စစ်ရှောင်တွေ စားသောက်ရေး ခက်ခဲလာ

တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေကို ဖြတ်တောက်နေတာကြောင့် နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေါနတနင်္သာရီ-စစ်ရှောင်အ ထောက်အကူပြုအဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

“အခုလက်ရှိအခြေအနေအရ စကစဘက်က ကျွန် တော်တို့ ရိက္ခာပို့တဲ့လမ်းကြောင်းတွေကို ဖြတ်တောက်တဲ့အနေအထားတွေ တွေ့လာရတယ်၊အဲ့လိုအနေအထားမှာ ကျွန်တော်တို့က သူတို့(စစ်ရှောင်တွေ)ရဲ့ရိက္ခာအတွက်ကို ကိုယ်တိုင်ကိုယ်ကျပြင်ရမယ့်အနေ အထားတွေရှိလာတယ်”လို့ ဒေါနတနင်္သာရီ -စစ်ရှောင်အထောက်အကူပြုအဖွဲ့တာဝန် ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးတွေနဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေပါလိုအပ်နေတယ်လို့ သူကပြောပါတယ်။

“အဓိကအားဖြင့် ပုလောနဲ့တနင်္သာရီဘက်မှာ နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေ၊တောတောင်တွေထဲမှာ ရှောင်တိမ်းနေရတဲ့အခြေအနေရှိပါတယ်၊စစ်ဘေးရှောင်စခန်းတွေနဲ့နေတဲ့ စစ်ရှောင်တွေကျတော့ နိစ္စ ဓူဝစားသောက်မယ့် ရိက္ခာတို့၊ကျန်းမာရေးပြုစုစောင့်ရှောက်မှုအခြေအနေ၊ဆေးဝါးနဲ့ဆေးဝါးကျွမ်း ကျင်ပညာရှင်ပေါ့၊အဲ့လိုမျိုးလိုအပ်ချက်တွေလည်း ရှိတယ်”လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတာကြောင့် လက်ရှိအချိန်အထိ စစ်ရှောင်ဦးရေ ၇၀၀၀ကျော်အထိရှိလာပြီနေလို့သိရပါတယ်။

ပုလောမြို့နယ်မှာ တိုက်ပွဲကြောင့်စစ်ရှောင်ဦးရေစုစုပေါင်း ၄၆၀၀ကျော်ရှိပြီး ၂၀၀၀ခန့်ကတော့ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တာကြောင့်အရေးပေါ်တိမ်းရှောင်လာသူတွေဖြစ်တယ်လို့ဆိုပါတယ်။

တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီက လက် နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် တိမ်းရှောင်လာတာဖြစ်ပြီးလူဦးရေ ၂၀၀၀ခန့်ရှိတယ်လို့ဆိုပါတယ်။စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ထားဝယ်မြို့နယ်မှာစစ်ရှောင်ဦးရေ ၂၀၀ခန်နဲ့လောင်းလုံးမြို့နယ်မှာ စစ်ရှောင်ဦးရေ ၁၅၀ခန့်ရှိပြီး စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက်  အပြောင်းအလဲရှိနိုင်တယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။