ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဆရာဝန်တွေကို CDM ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့ တိုက်စစ်နေ

ရန်ကုန်က မြို့နယ်တွေနဲ့ နယ်မြို့တချို့က ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို CDM လုပ်ထားသူ ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့တိုက်ဆိုင် စစ်ဆေးနေတယ်လို့ DNA က စုံစမ်း သိရှိရပါတယ်။

ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းကြီးတွေမှာတင်မက လူနေရပ်ကွက်တွေဖွင့်ထားတဲ့ တနိုင်တပိုင် ဆေးခန်းငယ်တွေမှာပါ CDM ဝန်ထမ်းတွေရှိမရှိ လိုက်လံ စစ်ဆေးတာမျိုးလုပ်နေတယ်လို့ အဲ့ဒီလို စစ်ဆေးမှုကို ကိုယ်တိုင်တွေ့ခဲ့သူတချို့နဲ့ CDM ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

“ကျွန်မတို့အိမ်ယာဝန်းထဲက ဆေးခန်းသေးသေးလေးပါ၊ကျွန်မက သားလေးနေမကောင်းလို့ ဆေးခန်းသွားပြ တာ၊အိမ်ယာမှူးအပါအဝင် အရပ်ဝတ်တွေ ခြောက်ယောက်လောက်ရောက်လာပြီး သူတို့မှာပါလာတဲ့ စာ ရင်းတွေ၊ ဓာတ်ပုံတွေ၊ ဆမ နံပါတ်တွေနဲ့တိုက်စစ်တာ၊အဲ့ကဆရာဝန်က CDM လုပ်ထားတာပေမယ့် အဲ့အချိန်မှာ ဆေးခန်းမရောက်သေးဘူး၊ အခုတော့ ဆေးခန်းပိတ်ထားတယ် ” လို့ တောင်ဒဂုံမြို့နယ်က အိမ်ယာဝန်းတခုမှာ နေထိုင်သူတဦးက ဖေဖော်ဝါရီ ၅ ရက်မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

အလားတူအဖြစ်မျိုး ရန်ကုန်မြို့က လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက ရပ်ကွက်တချို့မှာရှိနေသလို မွန်ပြည်နယ်၊ မန္တလေးတိုင်းစတဲ့ ဒေသတွေမှာလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDM ဝန်ထမ်းတွေရှိမရှိ အသွင်ယူစုံစမ်းထောက်လှမ်းတာ၊ ဝန်ထမ်းစာရင်းတွေတောင်းယူပြီးစစ်ဆေးတာ၊CDM ဝန်ထမ်းတွေကိုခန့်ထားတဲ့ ဆေးရုံ၊ဆေးခန်းတွေကို ပိတ်သိမ်း အရေးယူမယ်လို့ ခြိမ်းခြောက်တာစတဲ့နည်းလမ်းမျိုးစုံနဲ့လည်း CDM ဝန်ထမ်းတွေကို ဖိအားပေးနေတာပါ။

 “ ကျွန်မကတော့ အသိတွေဆီကနေ တဆင့်ကြားတာပေါ့၊ကြားတော့အခုတော့ ရှောင်နေတယ်ပေါ့၊ ကျွန်မသိသလောက်တော့ ဘွန်း(စာချုပ်) နဲ့ငြိတဲ့သူတွေကို အလုပ်ပြန်ဝင်ဖို့ ခြိမ်းခြောက်တာမျိုးပေါ့၊CDM ဆက်မလုပ်စေချင်ဘူးပေါ့၊ဒါပေမယ့် ကျွန်မတို့ကတော့ အဆုံးထိ CDM လုပ်သွားမယ်၊ သူတို့ခြိမ်းခြောက်လို့ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး ” လို့ မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိက ဆေးခန်းတခုမှာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ CDM သူနာပြု ဆရာမ က DNA ကိုပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဆက်တိုက်ဖမ်းဆီးနေခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ က ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာ CDM အဓိကထား ဖမ်းဆီးမှုတွေလုပ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေချိန်မှာ မုံရွာမြို့မှာရှိတဲ့ ရွှေတော်ဝင်ပုဂ္ဂလိကဆေးရုံနဲ့ ရွှေတောင်မေတ္တာ ပရဟိတ ဆေးခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံအုပ် အပါအဝင် သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ်ဆန်းပိုင်းအထိ ကျန်းမာရေး ဝန်ထမ်း (၈၃)ဦးသတ်ဖြတ်ခံရပြီး ဖမ်းဆီး တရားစွဲဆိုခံရသူ (၃၅၀)ကျော်ရှိတယ်လို့ Medical Family-Mandalay အဖွဲ့က ကောက်ယူထားတဲ့အချက်အ လက်တွေအရသိရပါတယ်။