ပစ်ချခံရတဲ့ တရုတ် မိုးပျံပူဖောင်းကို ဆယ်ယူနေတဲ့ ဓာတ်ပုံတွေ အမေရိကန် ရေတပ် ထုတ်ပြန်

အတ္တလန္တိတ် သမုဒ္ဒရာ ရေပြင်ကနေ ဆယ်ယူရရှိတဲ့ တရုတ် မိုးပျံပူဖောင်းရဲ့ ဓာတ်ပုံတွေကို အမေရိကန် ရေတပ်က ထုတ်ပြန် ပြသလိုက်ပါတယ်။

အမေရိကန် လေပိုင်နက်ကို ဖြတ်ကျော် ပျံသန်းခဲ့တဲ့ တရုတ် မိုးပျံပူဖောင်း တစ်လုံးကို စပိုင်ကိရိယာလို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် လေတပ်က ပစ်ချခဲ့ပါတယ်။ ဒီကိစ္စဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သံတမန်ရေးရာ နောက်ဆက်တွဲ တင်းမာမှုတွေကိုပါ ပေါ်ပေါက်လာစေခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေ ပူးပေါင်းပြီး ပစ်ချခံရတဲ့ မိုးပျံပူဖောင်းရဲ့ အပျက်အစီးတွေကို ပြန်ရှာဖွေနိုင်ခဲ့ပါတယ်။ တရုတ်က အဲဒီ မိုးပျံပူဖောင်းဟာ မိုးလေဝသ လေ့လာရေး ကဏ္ဍအတွက် လွှတ်တင်ထားတာ ဖြစ်တယ်လို့ အကြောင်းပြပြီး အမေရိကန်က ပစ်ချခဲ့တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်ကတော့ သူတို့ ပစ်ချခဲ့တာဟာ စပိုင် မိုးပျံပူဖောင်း တစ်လုံးလို့ အခိုင်အမာ တုံ့ပြန်ထားပါတယ်။

အခုအခါ ရေတပ်က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေမှာတော့ အဖြူရောင် မိုးပျံပူဖောင်း ကိုယ်ထည်ကြီးကို လှေတစ်စီးပေါ် ဆွဲတင်နေတဲ့ အမေရိကန် ရေတပ်သားတွေကို တွေ့ရပါတယ်။ အခုအခါမှာတော့ အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တကယ်ပဲ သူလျှို ထောက်လှမ်းရေး ကိရိယာ တစ်ခုလား ဆိုတာကို စစ်ဆေးဖို့ စီစဉ်နေပါတယ်။

အမေရိကန်​ ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ သူတို့ ဆယ်ယူ ရရှိခဲ့တဲ့ မိုးပျံပူဖောင်းဟာ ပေ ၂၀၀ လောက် အမြင့်ရှိပြီး ဓာတ်ငွေ့ ဖြည့်ထားရင် ပေါင်ချိန် ရာဂဏန်းကနေ ထောင်ဂဏန်းလောက်လိ လေးလံဖွယ် ရှိတယ်လို့ သိရပါတယ်။ ရေတပ်ဟာ အမေရိကန် ကမ်းလွန်ကနေ ၁၁ ကီလိုမီတာလောက် အကွာမှာ ပြန့်ကြဲနေတဲ့ မိုးပျံပူဖောင်း အပျက်အစီးတွေကို ရှာတွေ့ခဲ့တာပါ။ ရေအောက်ကို နစ်နေတဲ့ အပိုင်းအစတွေကို လိုက်ရှာဖို့ အတွက်လည်း ရေတပ်က ရေငုပ်ဒရုန်းတွေကို သုံးစွဲခဲ့ပါသေးတယ်။

တရုတ် မိုးပျံပူဖောင်း အပျက်အစီးကို ပြန်ဆယ်တဲ့ ကိစ္စဟာ လုံခြုံရေး စံနှုန်းတွေ သတိထားရတာကြောင့် ရှုပ်ထွေးမှုတချို့ ရှိခဲ့ပါတယ်။ ရေတပ်က အဲဒီ မိုးပျံပူဖောင်းမှာ ဖောက်ခွဲရေး ပစ္စည်း၊ ဒါမှမဟုတ် ပေါက်ကွဲစေနိုင်တဲ့ ဘက်ထရီမျိုးတွေ ပါလာမှာကို စိုးရိမ်လို့ အလေးအနက် သတိထား ကိုင်တွယ်ခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။