သရက်ချောင်းမှာ လက်လုပ်တူမီးတွေ့မှုနဲ့ ဒေသခံနှစ်ဦးကိုဖမ်းဆီးပြီးနောက် စစ်တပ်ကပစ်သတ်

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာက ဒေသခံအရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီး ပြီး နောက် နာရီပိုင်းအကြာမှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတာ၊ သိပ်မကြာဘူး၊ အဲစစ်ကြောင်းက ရွာကနေ ပြန်ထွက်သွား တယ်၊ အဲ့ကောင် လေး နှစ်ယောက်က ပြန်မရောက်လာသေးဘူး၊ အဲဒါကြောင့် သူတို့ခေါ်သွားနိုင်တဲ့ အနီးအနား ရော်ဘာခြံ တွေမှာ လိုက် ရှာတော့ မနက် ၁၀ နာရီကျော်လောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ရိုက်ခံထိထားတဲ့ ဒဏ်ရာ တွေနဲ့ သေနတ်ပစ်ခံ ထားရတာ၊ ဦးခေါင်းပွင့်ပြီး နှစ်ယောက်လုံး သေနေတာတွေ့လိုက်တယ်” လို့ဒေသခံတဦးက ပြောပါတယ်။

သရက်ချောင်းမြို့ တောင်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အကွာက ဝင်းဝရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ရဲတွေ ဟာ ဒီကနေ့ ဖေဖော်ဝါရီ(၇)ရက် မနက်ပိုင်းက အင်အား(၂၀)လောက်နဲ့ ရငဲရွာကို စစ်ကြောင်းထိုးရာက ရွာခံလူ ငယ်နှစ်ဦး ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဝင်းဝရွာရဲ့တောင်ဘက်ငါးမိုင်ဝန်းကျင် အကွာက ပင်လယ်ကမ်းခြေရွာဖြစ်တဲ့ ရငဲရွာ ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တအိမ်ကို ရှာဖွေရာမှာ လက်လုပ်တူမီးသေနတ်နှစ်လက် တွေ့ရှိတာ ကြောင့် အဲ့ဒီအိမ်မှာနေထိုင်တဲ့ ရွာခံ လူငယ်နှစ်ဦးကို ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီရွာခံ အမျိုးသားနှစ်ဦးကိုစစ်ကောင်စီစစ်ကြောင်းက ရော်ဘာခြံတစ်ခုထဲ ဖမ်းခေါ်သွားပြီးနောက် နာရီပိုင်း အကြာမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုပဲ ပြန်တွေ့ကြရတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သူတွေဟာ ရငဲကျေးရွာ ဒေသခံတွေဖြစ်ကြတဲ့ အသက် ၂၁ နှစ် အရွယ် ကိုဖြိုးငယ်ဇော်နဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ ကိုပိုင်စိုးတို့ဖြစ်ပြီး နှစ်ဦးလုံးက ရော်ဘာအစေးခြစ်တဲ့ အ လုပ်ကို လုပ်ကိုင်နေကြတဲ့ သာမန်အရပ်သားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီလူငယ်နှစ်ဦးရဲ့ နေအိမ်နဲ့ အနီးပတ်ဝန်းကျင်က နေအိမ်တွေထဲကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပစ္စည်းတချို့ကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် ဆိုင်ကယ်တစီးကိုလည်း ယူသွားတယ်လို့ ဒေသခံက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းက ကျေးလက်နေပြည်သူတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်တဲ့ ပြည်သူတချို့ဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက လက်လုပ်တူးမီးသေနတ်တွေ ကိုင်ဆောင်လေ့ရှိပြီး အမဲလိုက်ဖို့ အတွက် အသုံးပြုကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၉ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မှတ်တမ်းတခုမှာလည်း မှု ခင်းကျဆင်းရေးပညာပေးမှုတွေကြောင့် ဝင်းဝနယ်မြေရဲစခန်းကို ဒေသခံတွေက တူမီး သေနတ်(၃၂)လက် လာ ရောက်အပ်နှံတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

 ဒီကနေ့ စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးသွားတဲ့ ဒေသခံနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုတော့ မိသားစုဝင် ဆွေမျိုး သားချင်းတွေက ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ သင်္ဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်အတွင်း ဝင်းဝရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ  ဒေသတွင်းမှာ အကြမ်း ဖက်မှုတွေမကြာမကြာကျူးလွန်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လအတွင်းကလည်း NLD အင်္ကျီဝတ်ဆင်ထားတဲ့ စိတ်ကျန်းမာရေးမကောင်းသူတဦးကို အပြင်းအထန်ရိုက်နှက်ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေထဲ မကြာ ခဏစစ်ကြောင်းထိုးဝင် ရောက်လေ့ရှိပြီး အဲလို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အခါမျိုးမှာ အရပ်သားတွေ ဖမ်းဆီး ဖြတ်ခံရတာ၊ နေအိမ်မီးရှို့ခံရတာတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်း တွေ အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးမှာ အရပ်သားပြည်သူ ၃၆၀ ကျော်သေဆုံး ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။