ရေး-ထားဝယ် လမ်းပေါ်မှာ ခရီးသွားကား ပစ်ခတ်ခံရလို့ သံဃာတပါးပျံလွန်ပြီး ဒေသခံတဦးသေဆုံး

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပေါ်မှာ ဖေဖော်ဝါရီ (၆) ရက် မနေ့က ညနေပိုင်းက ခရီးသွားကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ သံဃာတော်တပါးနဲ့ အမျိုးသမီး တဦး သေ ဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်အပါအဝင် ခရီးသည် ၈ ဦးလိုက်ပါစီးနင်းလာတဲ့ ကားတ စီးဟာ ရေး-ထားဝယ် လမ်းပေါ်က နှမ်းကျဲရွာအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်ခတ်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်ဦးဥက္ကဌနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့ သေ ဆုံးခဲ့ပြီး ကျန်သူအားလုံးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ဖြစ်ပြီးတော့ ချက်ချင်းသွားမကြည့်ရဲကြဘူး၊ ခဏနေကျမှ သွားကြည့်တဲ့အချိန်က ကျောင်းထိုင်ဆရာတော် က ကားရှေ့ခန်းမှာပဲ ပျံတော်မူလွန်သွားတယ်၊နောက်က ခရီးသည်အမျိုးသမီးတဦးလည်း သေတယ်၊ ကျန် တဲ့သူ အားလုံးလည်း ဒဏ်ရာရနေတယ်။တချို့တွေက အော်နေကြတာ၊ သနားပါတယ်၊လူမှုကူညီရေးအ သင်းတွေကပဲ လာကူပေးကြတာ”လို့သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာ အသက် ၁၀ နှစ်ကျော်အရွယ်ကလေးသုံးဦးအပါအဝင် ယာဉ်မောင်း သန်း ထွေး၊ မိုးသူရအောင်၊ မနန်းမိုးမိုး၊ မသင်းရနံ့လှိုင်တို့ဖြစ်ကြပြီး ပျံလွန်သွားတဲ့ ဆရာတော်အပါအဝင် ကား ပေါ်ပါလာသူတွေဟာ ထားဝယ် မြို့နယ် မောင်မယ်ရှောင် ကျေးရွာဒေသခံတွေဖြစ်တယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

လက်ရှိ ဒဏ်ရာရရှိခဲ့သူတွေထဲက လေးဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ထားပြီး ကျန်တဲ့ သူတွေက ဒဏ်ရာမပြင်းထန်ပေမယ့် ရေဖြူမြို့နယ်ဆေးရုံကို တင်ပို့ထားတယ်လို့ ဒေသခံကပြောပါတယ်။

အဆိုပါကားပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေက တာဝန်ခံတာမရှိသေးပါဘူး၊ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူ မှုရှိစေချင်သလို ဒီလိုအရပ်သားတွေ သေဆုံးအောင် ခြုံခိုတိုက်ခိုက်တာတွေကိုလည်း ရှုတ်ချတယ်လို့ ဒေသ ခံတွေက ဝေဖန်ကြပါတယ်။

အဲ့ဒီခရီးသွားကား ပစ်ခတ်ခံရတဲ့ နှမ်းကျဲရွာဒေသအနီးတဝိုက်မှာ အရင်က ရေဖြူမြို့နယ် PDF တပ်ရင်း(၁) စခန်း ရှိခဲ့ဖူးပြီး စစ်ကောင်စီက စခန်းကို စီးနင်းဖို့ကြိုးစားခဲ့လို့ နေရာရွှေပြောင်းသွားတာကြာပြီလို့ ထားဝယ် ဒေသခံတဦးက ပြောပါတယ်။

အခုဖြစ်ခတ်မှုဖြစ်တဲ့ နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်လေ့ရှိသလို အဲ့ဒီဒေသတ ဝိုက်မှာ KNU တပ်ဖွဲ့တွေလည်း လှုပ်ရှားလေ့ရှိပြီး နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာတဲ့ ကော်သူးလေ တပ်မတော် KTLA ကတော့ လှုပ်ရှားမှုမရှိဘူးလို့ သူကဆိုပါတယ်။

အခုပစ်ခတ်မှုဖြစ်တဲ့နေရာပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက် လှုပ်ရှားတာ၊ စစ်ကောင်စီကားတွေ ဖြတ်သန်းသွားလာတာမျိုးတွေရှိနေပြီး ထိတွေ့တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

 မနေ့ကပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာအနီးက နှမ်းကျဲရွာဟာ ရေဖြူမြို့ မြောက်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အ ကွာမှာရှိပြီး ကလိန်အောင်မြို့နဲ့ ရေဖြူမြို့အကြားကားလမ်းဘေးမှာရှိပါတယ်။