စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားလေးရာနီးပါးသေဆုံး

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၃၆၀ အထိသေဆုံးခဲ့ပြီးသေဆုံးသူတွေထဲမှာ အမျိုးသား ၈၆ ရာခိုင်နှူန်းအထိရှိနေတယ်လို့ 

တနင်္သာရီတိုင်းအတွင်းကအခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လာပါတယ်။

ဒီအရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇန်နဝါရီလအထိကောက်ယူမှတ်တမ်းတင်ထားတဲ့အချက်အလက်တွေဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၈ နဲ့အထက်အမျိုးသမီး ၁၁ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပြီး စုစုပေါင်းအမျိုးသမီးသေဆုံးမှုကလည်း အယောက် ၅၀ ဝန်းကျင်အထိရှိနေတာကို ထုတ်ပြန်တဲ့မှတ်တမ်းတွေအရသိရပါတယ်။

အခုလိုအရပ်သားသေဆုံးမှုတွေအနေနဲ့ မြို့နယ်အလိုက်ကြည့်မယ်ဆိုရင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်း မြို့နယ်တွေက အခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ များပြားတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ထားဝယ်မှာဘဲ လမ်းပေါ်သွားနေတဲ့သူကို ဘာမှမဆိုင်ပဲ အနောက်ကနေသေနတ်နဲ့လိုက်ပစ်ပြီးတော့  ပစ်သတ်ခဲ့တာပေါ့။သူတို့ပစ်သတ်ချင်သလို ပစ်သတ်ပြီးတော့ ဆေးရုံကိုယူသွားပြီးသတင်းမီဒီယာတွေနဲ့အင်တာမဗျူးရဘူး။သေဆုံးမှုနဲ့ပတ်သက်ပြီးဘာမှမပြောရဘူဆိုတဲ့ ခြိမ်ခြောက်တာမျိုးတွေရှိတယ်”လို့  ဒီမိုကရေးစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ကျူးလွန်တဲ့ အရပ်သားသေဆုံးမှုဖြစ်စဉ်တွေမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးတာ၊ ဆိုင်ကယ်စီးသူတွေနဲ့ သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ပါဝင်ပါတယ်။

“ဖမ်းဆီးသတ်ဖြတ်တာတွေက ဟိုတစ်နေ့ကပဲ PDFတွေနဲ့တော်လှန်ရေးအင်အားစုတွေချီတက်တဲ့ပွဲမှာ အအေးကျွေးလို့ဆိုပြီး အဲ့ဒိရွာက အအေးကျွေးတဲ့အိမ်ကိုလာပြီး ပစ်သတ်သွားတယ်။တစ်ယောက်သေတယ်။တယောက်ဒဏ်ရာရသွားတယ်။အဲ့လိုမျိုးတွေပေါ့။သုတို့လုပ်နေကြက PDFတွေနဲ့အဆက်အသွယ်ရှိတယ်ဆိုရင် လုပ်တာပဲ။ကျွန်တော်တို့ဘက်မှာအများကြီးပဲ”လို့  ဒီမိုကရေးစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလထဲမှာ ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်ထဲမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ဦးကိုပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တဦးအပါအဝင် လူငယ် ၂ဦးသေဆုံးခဲ့တာကိုလည်း သပိတ်ကော်မတီကသတင်းထုတ်ပြန်ထားသလို ဒေသခံတွေကလည်းအတည်ပြုပြောဆိုထားပါတယ်။

အခုလို ဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက အကြောင်းပြချက်မဲ့ပစ်ခတ်တဲ့ဖြစ်စဉ်တွေဟာဆိုရင် တနင်္သာရီတိုင်းအပါအဝင် ဒေသတော်တော်များများမှာဖြစ်ခဲ့တဲ့အကြောင်းကိုDNA ကလည်း ဒေသခံတွေဆီမေးမြန်းပြီးသတင်းတွေဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းထဲက အရပ်သားသေဆုံးမှုတွေထဲမှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက် စတဲ့အဖွဲ့တွေက တော်လှန်ရေးအင်အားစုကလူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့မိသားစုတွေ NLD ပါတီဝင်တွေပါဝင်ပါတယ်။

 တဖက်မှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ သွေးသောက်အဖွဲ့တွေအပါအဝင် စစ်ကောင်စီသတင်းပေးအဖြစ် မှားယွင်းပစ်ခတ်မိသူတွေ အနည်းငယ်ပါဝင်တဲ့အကြောင်းSouthern Monitor အဖွဲ့ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေး ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့ လည်း Southern Monitor အဖွဲ့ကထုတ်ပြန်ထားပါတယ်။