ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ မြို့လယ်မှာ ဓားဒဏ်ရာတွေနဲ့ အတူအသတ်ခံထားရတဲ့ အမျိုးသား  ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မနက်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပြင်ဦးလွင်မြို့ရဲ့ လူစည်ကားရာ နေရာတခုဖြစ်တဲ့ချယ်ရီလမ်းနဲ့ ၁၇ လမ်းထိပ် ၊ ပန်းချယ်ရီ ဟိုတယ်အနီးမှာ အသတ်ခံထားရတဲ့ အမျိုးသား ၂ ဦးအလောင်းတွေ့ရှိခဲ့တာလို့ဆိုပါတယ်။

” တခြားနေရာမှာ ဖြစ်ပြီး အဲဒီအနားမှာ အလောင်းလာပစ်ထားတဲ့ပုံစံမျိုးပါ။ အဲဒီနေရာက လူသိပ်ပြတ်တဲ့နေရာမျိုးမဟုတ်ဘူး။ မနက်က လူမူရေးအသင်းကားတွေနဲ့ အလောင်းတွေလာသယ်သွားကြတယ်။ ဘယ်သူတွေလည်းဆိုတာတော့ သေချာမသိသေးဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူအမျိုသားနှစ်ဦးမှာ အသက် ၂၀ နဲ့ ၃၀ အရွယ် လူလတ်ပိုင်းတွေဖြစ်သလို အရှိုက်နဲ့ ဝမ်းဗိုက်တွေမှာထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။

စစ်အုပ်စုအခြေစိုက်တဲ့ မြို့ပြင်ဦးလွင်မှာ အခုလို အမျိုးသား ၂ ဦးရဲ့ အလောင်း မြို့လယ်ခေါင်မှာ တွေ့ရှိမှုဒီနှစ်ထဲမှာ ပထမဆုံးဖြစ်တယ်လို ဒေသခံတွေကဆိုကြပါတယ်။

အဲဒီအမျိုးသား ၂ ဦးနဲ့ ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။