ကော်စတာရီကာမှာ နောက်ထပ် မိုးပျံပူဖောင်း ထပ်တွေ့တဲ့ကိစ္စ တရုတ် တောင်းပန်

သူတို့နိုင်ငံ လေပိုင်နက်ထဲ နယ်ကျော် ရောက်ရှိနေတဲ့ မိုးပျံပူဖောင်းနဲ့ ပတ်သက်လို့ တရုတ် အစိုးရက တရားဝင် ဆက်သွယ်ပြီး တောင်းပန်ခဲ့တယ်လို့ ကော်စတာရီကာက ကြေညာပါတယ်။

 အလယ်ပိုင်း အမေရိက ဒေသတွင်းက နိုင်ငံတစ်ခုဖြစ်တဲ့ ကော်စတာရီကာဟာလည်း အမေရိကန်မှာလိုပဲ တရုတ် မိုးပျံပူဖောင်း တစ်ခုရဲ့ နယ်ကျော် ဝင်ရောက်မှု အခြေအနေနဲ့ တွေ့ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန်က တရုတ်ရဲ့ မိုးပျံပူဖောင်းကို သူလျှို ကိရိယာ တစ်ခုလို့ စွပ်စွဲပြီး ဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှု ဒီဂရီတွေကို မြင့်တက်စေခဲ့ပါတယ်။

 အခုတစ်ခါ ကော်စတာရီကာ လေပိုင်နက်ထဲမှာလည်း တရုတ်ရဲ့ မိုးပျံပူဖောင်းတစ်ခုကို တွေ့ရှိခဲ့ပြန်ပါတယ်။ ဒါဟာ သူတို့ရဲ့ မိုးပျံပူဖောင်းက မတော်တဆ လေပိုင်နက် မှားယွင်း ဝင်ရောက်မိတာဖြစ်ကြောင်း ဆန်ဟိုဆေး အခြေစိုက် တရုတ် သံရုံးက ဝန်ခံပြီး အလေးအနက် တောင်းပန်ခဲ့တယ်လို့ ကော်စတာရီကာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 အဲဒီအရာဟာ သိပ္ပံပညာရပ်ဆိုင်ရာ အထောက်အကူပြု အရပ်ဖက်သုံး မိုးပျံပူဖောင်း တစ်လုံးသာ ဖြစ်တယ်လို့လည်း တရုတ်က အခိုင်အမာ ပြောခဲ့ကြောင်း သိရပါတယ်။ မိုးပျံပူဖောင်းကို လွှတ်တင်ထားတဲ့ အဓိက ရည်ရွယ်ချက်ဟာ မိုးလေဝသနဲ့ တခြား သိပ္ပံဆိုင်ရာ အချက်အလက်တွေ စုဆောင်းယူဖို့သာ ဖြစ်တယ်လို့လည်း တရုတ်က အကြောင်းပြပါတယ်။

 အမေရိကန်ဟာ တောင်ပိုင်း ကာရိုလိုင်းနား ကမ်းလွန် ပင်လယ်ပြင်နားမှာ ပထမ မိုးပျံပူဖောင်းကို ပစ်မချခင် ကတည်းက တရုတ်ရဲ့ ဒုတိယမြောက် မသင်္ကာစရာ စပိုင် မိုးပျံပူဖောင်းတစ်လုံးက လက်တင် အမေရိက ဒေသထဲမှာ ရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီတုန်းကတော့ တရုတ်ဟာ ကော်စတာရီကာ တဝိုက်ကို ရောက်နေတဲ့ မိုးပျံပူဖောင်းနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

 တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးကလည်း ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကော်စတာရီကာက မိုးပျံပူဖောင်းဟာ အရပ်ဖက်သုံး ရည်ရွယ်ချက်တွေနဲ့ လွှတ်တင်ထားတာသာ ဖြစ်တယ်လို့ ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။

 အမေရိကန် ကမ်းလွန်မှာ ပစ်ချခံရတဲ့ မိုးပျံပူဖောင်းကိုတော့ အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်က လိုက်လံ ရှာဖွေနေပါတယ်။ အမေရိကန် အစိုးရက အဲဒီပူဖောင်းကို ပစ်ချခဲ့တဲ့ လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုခဲ့သလို တရုတ်ဟာ ပူဖောင်းကို ဆုံးရှုံးလိုက်ရခြင်းနဲ့အတူ ရထားသမျှ ထောက်လှမ်းရေး သတင်း အချက်အလက်တွေပါ လက်လွတ်သွားတယ်လို့လည်း ပြောကြားထားပါတယ်။