စစ်တပ်ကစစ်ကြောင်းထိုးတာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မုန်းမြို့နယ်ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ကော်သူလေးအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ရေး ဝင်ရောက်လှုပ်ရှားတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာခြောက်ရွာက အရပ်သား ပြည်သူ (၅၅၀၀) ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံငါးဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာတွေရထား တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

“အခုသူတို့က တချို့သူတို့နီးစပ်ရာတွေမှာ နေနေတာလည်းရှိတယ်၊KNUဆီမှာ နေတယ်၊ အခုသူတို့ကို တော့ KNUက ကျွေးထားတာရှိတယ်၊ ဒါပေမယ့် မပြည့်စုံဘူးလေ၊ ကလေးတွေလည်းရှိ၊ လူကြီးတွေလည်းရှိတယ်၊ သူ တို့အတွက် စားသောက်ဖို့ နေထိုင်ဖို့၊ ဆေးဝါးတွေကအစ အားလုံးလိုအပ်ပါတယ်”လို့ စစ်ရှောင်တွေကို ကူညီပေး နေသူတဦးက DNA ကို ပြောပါတယ်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ် မြင်သာယာကျေးရွာထဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ စစ်ကောင်စီတပ် ခမရ-၃၅၁ ၊ ခလရ – ၆၀ တို့က အင်အား(၆၀)ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲ ဝင်ရောက်လာမှုကြောင့် မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ညောင်ပင် ဆိပ်ကျေးရွာတို့က ဒေသခံ(၂၅၀၀)ဝန်းကျင် စိုးရိမ်းထိတ်လန့်ကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၅ လုံးပစ်ခတ်ခဲ့တာကြောင့် ဇီးခုံကျေး ရွာ ဒေသခံနှစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း စစ်ကောင်စီ ခလရ (၆၀)တပ်က ကျေးရွာတွေဘက် လက်နက်ကြီးတွေ ပစ် ခတ်လို့  လပတ်၊မရမ်းစိမ်လေး စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိ ရပါတယ်။

အဲ့ဒါကြောင့် မုန်းမြို့နယ်မှာ တပတ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ငါးထောင်ကျော်အထိရှိ လာတာပါ။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မရမ်းစိမ်လေးရွာက ငါးနှစ်အရွယ်ကလေးတဦးအပါအဝင် သုံးဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက မြင်သာယာကျေးရွာက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ် ၅ စီးနဲ့ ဆန် (၁၀) အိတ်ကို ယူသွားတဲ့အပြင် ကျေးရွာနေပြည်သူတွေရဲ့တဲ(၈)လုံးနဲ့ နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်ရှိမှာတော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးနေအိမ်နဲ့ ကေအဲန်ယူနယ်မြေတွေက ယာယီစခန်းတွေမှာ တိမ်းရှောင်နေရပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်သလို ကျေး ရွာတွေထဲစစ်ကြောင်းထိုးတာလည်း လုပ်နိုင်တဲ့အတွက် ဒေသခံတွေဟာ နေအိမ်မပြန်ကြရဲဘူးလို့ စစ်ရှောင်တွေကို ကူညီပေးနေသူကပြောပါတယ်။