ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနဲ့ သစ်တောရုံးကြားက လမ်းမှာ ဒီကနေ့ ဖေဖော် ဝါရီ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိကာ စစ်သား တွေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
” ဆည်မြောင်းရုံးက ကားကိုမီးရှို့လိုက်ကတည်းက စစ်တပ်ကလာပြီး ကင်းအထိုင်ချမယ်ဆိုတဲ့သတင်းကကြား ထားပြီးသား၊ခုအထိုင်ချဖို့ လာပြင်ဆင်တာမှာ UG အဖွဲ့ ကဆွဲလိုက်တာနေမှာ” လို့ မြို့ခံတဦးကပြောပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ကလေးမြို့ပြစီမံချက်အနေနဲ့ UG အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီးဖောက်ခွဲ တိုက် ခိုက်မှုကြောင့် စစ်ကောင်စီစစ်သားသုံးဦးနေရာမှာသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရသွား တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတဦးလည်း ခြေထောက်နဲ့ရင်ဘတ်ကို မိုင်းစထိမှန်ဒဏ်ရာတွေရ ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
“စိုးရိမ်ရမရိမ်ရတော့မပြောနိုင်ဘူးဗျ၊အမျိုးသမီးကသက်လတ်ပိုင်းလောက်ရှိပြီ၊ ရှပ်မှန်ရင်လည်း ခံတော့တော် တော်ခံရမယ်” လို့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တောင်ဇလပ်ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက သစ်တောရုံးဝန်းကျင်လမ်းတွေကိုပိတ်လိုက်ပြီး ရပ်ကွက်ထဲလမ်း တွေမှာ ကင်းတွေချထားတယ်လို့သိရပါတယ်။
ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ တောင်ဇလပ်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၃ ရက်ကလည်း ဆည်မြောင်းရုံး ရှေ့ မှာ ရပ်ထားတဲ့ ဘတ်ဖိုးကားတစ်စီးက မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။
ကလေးမြို့အနောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေတိုက်ပွဲ မကြာခဏ ဖြစ် လေ့ ရှိပြီး အရင်လတွေက တာဟန်းရပ်ကွက်ဘက်မှာ တိုက်ခိုက်မှုတွေဖြစ်နေရာက အခုရက်ပိုင်းအတွင်း တောင်ဇလပ် ရပ်ကွက် ဆည်မြောင်းရုံးနဲ့ သစ်တောရုံးအနီးအနားဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာလို့ မြို့ခံတွေ ကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားတိုင်း စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိသလို ပြည်သူတွေကို ထိခိုက်တဲ့ဖြစ်စဥ်တွေလည်းရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ဝင်ရှိရာနေရာတွေကို တတ်နိုင် သမျှရှောင်ရှားသင့်တယ်လို့ တော်လှန်ရေးအင်အားစုဝင်တဦးကဆိုပါတယ်။