ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ်တရာကျော်ကို TNLA ကယ်ထုတ်နိုင်ခဲ့

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသမှာ စစ်တပ်လက်အောက်ခံ ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ် ၁၂၅ ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာ မှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဒုဗိုလ်မှူးကြီး တာပန်လ က ပြောပါတယ်။ 

စစ်တပ်လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က ခေါ်ယူထားတဲ့ တအာင်း/ပလောင် လူငယ် ၁၂၅ ဦးကို သက်ဆိုင်ရာဒေသအလိုက် မိဘတွေဆီကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ 

“၂၀၂၃ မှာ စကစဘက်က အရင်တုန်းက မွေးထားတဲ့ ပြည်သူ့စစ်တွေကို ပြန်ပြီးတော့ အားဖြည့်တာပေါ့နော်။ အသုံးချတယ်။ လက်နက်တွေ တပ်ဆင်ပေးတယ်။ အဲလိုအခြေအနေမှာ အဲမှာ ရှိနေတဲ့ မိုင်ဂျာယန်ပြည်သူ့စစ်က ဒေသခံတွေ တအာင်း/ပလောင်းကလေးတွေ၊ ကျောင်းတက်နေတဲ့ ကလေးတွေရော သူတို့ ခေါ်သွားတယ်။ အယောက် ၁၂၅ ယောက်ကို ခေါ်သွားတယ်။ အဲဒါကို ကျနော်တို့က ကျနော်တို့ သားသမီးတွေကို ပြန်သွားခေါ်တာပေါ့နော်”လို့ TNLA မှ ဒုဗိုလ်မှူးကြီး တာပန်လ က ပြောပါတယ်။ 

မနေ့ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းက  TNLA တပ်က တအာင်း/ပလောင်လူငယ်တွေကို သွားရောက်ခေါ်ယူရာမှာလည်း  စစ်ကောင်စီက ပြည်သူ့စစ်ဘက်မှ လေကြောင်းနဲ့ ၃ ကြိမ်လာရောက် ပစ်ကူပေးခဲ့ရာ ဗုံး ၃၀ ကျော် ကြဲချခဲ့တယ်လို့ TNLA ကထုတ်ပြန်ပြောဆိုထားပါတယ်။

“ပြန်သွားခေါ်တဲ့ အချိန်မှာ သူတို့က စကစကို အကူအညီတောင်းပုံရတယ်။ အဲဒါကြောင့် စကစဘက်က လေကြောင်း ပစ်ကူနဲ့ သုံးကြိမ်၊ လာရောက် ကူညီပေးတာပေါ့။ နောက်ဆုံးအခြေအနေ ကျနော်တို့ ဘက်က ထိခိုက်မှု မရှိ၊ လူထုလည်း မရှိဘူး။ အိမ်တွေတော့ ထိခိုက်တယ်။ ကျနော်တို့က (တအာင်းလူငယ်) မရမက သွားခေါ်လာတဲ့သဘောပါ” လို့ ဒုဗိုလ်မှူးကြီး တာပန်လက ဆက် ပြောပါတယ်။ 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက် ယမန်နေ့ နေ့လယ်ပိုင်းမှာလည်း TNLA တပ်တွေရှိရာ ဂျာ ယန်းကျေးရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် လားရှို့မြို့အဝင် မိုင်းရန်းမှာ စစ်တပ်က ဂိတ်ပိတ်ထားတဲ့အတွက် ခရီးသွားကားတွေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် TNLA နဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေမကြာမကြာ ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ(၉)ရက်ကလည်း TNLA ရဲ့ တပ်စခန်းတခုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ ကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြပါသေးတယ်။