လောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီနေရပ်ပြန်ခိုင်း

 

တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ တိုက်ပွဲကြောင့် ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီကဖိအားပေးပြီး နေရပ်ကိုပြန်ခိုင်းနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတဦးက DNAကိုပြောပါတယ်။

” မနေ့ကဆိုရင် ဘုန်ကြီးကျောင်းတွေမှာ လာလျှောက်သွားတာပေါ့။တိုက်ပွဲလည်းမဖြစ်တော့တဲ့အတွက် အကုန်ကိုယ့်နေရာကိုပြန်ကြဖို့ပေါ့။ဒါပေမယ့်ဒီမှာရှိတဲ့ စစ်ရှောင်တွကမပြန်ရဲဘူးလေ။ဒါကိုသူတို့က ဘုန်းတော်ကြီးတွေကိုလည်း ဆက်ပြီးလက်မခံတော့ဖို့ ပြောသွားတာ။”လို့ ပုလောမြို့နယ်ဒေသခံ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။

ပုလောမြို့နယ်၊ရှပ်ပုံစံပြကျေးရွာမှာ ပြီးခဲ့တဲ့လအတွင်းက စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ​ကြား နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင့် ဒေသခံ ၄၀၀၀နီးပါးဟာ အနီးနားကျေးရွာတွေနဲ့မြို့ပေါ်ဘုန်းတော်ပြီးကျောင်းတွေမှာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေထိုင်ခဲ့ကြတာပါ။

ဒါ့အပြင် စစ်ကောင်စီဘက်က တိုက်ပွဲအပြီးမှာ ကျေးရွာတွေက ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ကျေးရွာသားအချို့ကိုဖမ်းဆီးတာတွေ

ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ကို မပြန်ရဲကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာလည်း ပုလောမြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ရေးတင်းမာတဲ့အနေအထားတွေရှိနေဆဲဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်ဖို့ အရေးအခက်အခဲရှိနေတာဖြစ်လို့လည်း ဆိုပါတယ်။

“သူတို့လည်း ကိုယ်အိမ်ကိုယ်ပြန်ချင်တာပေါ့။ဒါပေမယ့်ပြန်လို့မှမဖြစ်တာ။တချို့ဆို နေစရာအိမ်လည်းမရှိတော့ဘူး။ဒါကို သူတို့ကအခုလိုဖိအားပေးပြီပြန်ခိုင်းနေတော့ အခက်အခဲတွေဖြစ်နေကြတာပေါ့”လို့ ပုလောမြို့နယ်ဒေသခံ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဘုန်းတော်ကြီးကျောင်း တွေမှာရှိတဲ့စစ်ရှောင်ပြည်သူတွေကိုမထားဖို့ လိုက်လံဖိအားပေးပြောဆိုတာတွေရှိနေပြီး  မြို့ပေါ်နဲ့ ရွာအနီးနေရာအချို့မှာ ဆိုင်ကယ်စီး သွားလာနေတဲ့ ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးတာ၊ပေါ်တာဆွဲတာမျိုးတွေကိုပါ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။