ဝေါမြို့နယ်မှာ ရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဒေသခံနှစ်ဆယ်ဦးထက်နည်းကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က မြစ်ကျိုးကျေးရွာရဲကင်းစခန်းနဲ့ လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်က အမည်မသိလက်နက်ကိုင်အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက မနေ့က ဖေဖော်ဝါရီလ ၄ ရက်က အဲဒီကျေးရွာတွေမှာ ဧည့်စာရင်းစစ်ပြီးအသက် ၂၀ ကနေ အသက် ၃၀ ကျော် လူငယ်လူလတ်ပိုင်း မြစ်ကျိုးဒေသခံ ၁၅ ဦးနဲ့ လက်ပန်ဒေသခံ ၅ ဦး စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

‘’လူငယ်လူလတ်ကိုပဲဖမ်းခေါ်သွားတာ။ ရိုက်နှက်တဲ့အသံတွေလည်း ကြားခဲ့တယ်’’ လုံခြုံရေးအရ အမည်မဖော်မလိုသူဒေသခံတဦးကပြောပါတယ်။

အဲဒီလူ ၂၀  ကိုဝေါမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရိုက်နှက်တာတွေလုပ်ဆောင်တာရှိတယ်လို့ ဒေသခံတွေကို ပြောပေမယ့် ဖမ်းဆီးခံထားရသူတွေဟာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရ၊ မရ ဆိုတော့ မသိရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ဝေါမြို့ PDF ကို DNA က မေးမြန်းခဲ့ပေမယ့် အသေးစိတ်ပြန်လည်သတင်းထုတ်ပြန်မယ်လို့ သာဖြေဆိုခဲ့ပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် မြစ်ကျိုးကျေးရွာရဲစခန်းမှာ စစ်တပ်နဲ့ရဲ အင်အား ၅၀ ဝန်းကျင်၊ အနီးက သူရဲသမိန်ရဲစခန်းမှာလည်း အင်အား ၄၀ ဝန်းကျင်အထိ တိုးမြှင့်ထားကာ စစ်တောင်းမြစ်တလျှောက် ရေကြောင်းစစ်ဆေးရေးတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဝေါမြို့နယ်မှာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်က ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက်ကွဲတာကြောင့် CDM လုပ်ထားတဲ့ ရပ်ကွက်စာရေးနဲ့ ဒေသခံနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဒီနှစ်ဇန်နဝါရီလက ပြန်လွှတ်ပေးခဲ့ပါတယ်။