ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ပြည်သူ့နေအိမ်ပေါင်း ၂၈၉လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၅ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း စစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်အတွင်း တောက်လျောက်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကန့်ဘလူမြို့နယ်က ကျေးရွာ (၅) ရွာနှင့် ကျွန်းလှမြို့နယ်က ကျေးရွာ (၅) ရွာအပြင် စစ်ရှောင်ဖို့ဆောက်ထားတဲ့ တောတိုက်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီက ကျေးရွာနှင့်စစ်ရှောင်တောတိုက်တွေကို မီးရှို့ဖျက်ဆီးတာအပြင် စစ်ကြောင်းနဲ့လွတ်အောင်မပြေးနိုင်တဲ့ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ကြတာကန်၊ရှမ်းကုန်း၊ပင့်သာ၊ညောင်ကုန်း၊ပလူသာ၊ ငါးမြှောင်ကျေးရွာတွေက ပြည်သူ (၁၅) ဦးကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီး ငါးမြှောင်ကျေးရွာက NLD ထောက်ခံသူမိသားစုဝင်အားလုံးကိုသတ်ဖြတ်တာမှာ ကလေးငယ်သုံးဦးပါဝင်ခဲ့တာကိုလည်း ဒေသခံတွေက DNA ကိုအတည်ပြုပြောဆိုထားပါတယ်။
” ဘယ်လိုစိတ်နဲ့လုပ်တာလည်းဆိုတာခုထိ နားကိုမလည်နိုင်ဘူး” လို့ ငါးမြှောင်ရွာဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံတဦးကပြောပါတယ်။
ငါးမြှောင်ကျေးရွာက မိသားစုရှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်နှင့်ပျူစောထီးတွေက နေအိမ်မှာ ရည်ရွယ်ချက်ရှိရှိလာရောက်သတ်ဖြတ်သွားတာဖြစ်ပြီး ကျန်ကျေးရွာငါးရွာက ပြည်သူခုနစ်ဦးကို တော့ စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်မီးရှို့ခဲ့တာဖြစ်ပါတယ်။
” သူတို့က ပြည်သူတွေကို တိုက်ရိုက်တိုက်ခိုက်နေတာဗျ။ စစ်ကောင်စီစစ်ကြောင်းက ဓားနဲ့ထိုးပြီး မီးရှို့ဖို့ပြင်ဆင်နေတုန်းညောင်ကုန်းရွာက အမျိုးသမီးသုံးဦး ကံကောင်းထောက်မလို့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့လည်း နီးစပ်တဲ့ဒေသခံကပြောပါတယ်။
စစ်ကောင်စီက ကျေးရွာတွေကိုလှည့်ပတ်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကန့်ဘလူခရိုင်က ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရကာ အခက်အခဲမျိုးစုံကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင် စပါးတင်းရေတသောင်းကျော်ကို လုယက်ယူဆောင်သွားကြပြီး စပါးကျီခြောက်ဆယ့်တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် နေအိမ်တွေအပြင်သီးနှံတွေပါခိုးယူဖျက်ဆီးခံထားရတာကြောင့် ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်တသောင်းကျော်အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။