စစ်ကောင်စီတပ်တွေပါလာတဲ့ အိမ်စီးကားကို ရေးပြောက်ကျားအဖွဲ့ တိုက်ခိုက်ပြီးဗိုလ်ကြီးအဆင့်ရှိသူကို အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ မနေ့ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားလမ်းမှာ ခြုံတိုက်ခိုက်ခံရပြီး ကားမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
မနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က လမိုင်းမြို့၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာအကြား ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်မှာ အိမ်စီးကားတစ်စီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ရပ်တန့်စစ်ဆေးရာမှ မောင်းပြေးတာကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
 
“ အိမ်စီးကားကို လက်နက်ကိုင်အဖွဲ့တွေက ဝိုင်းပစ်တာ၊ ကားပေါ်မှာ စစ်သားတွေ၊ စစ်သားတွေ မောင်းလာတဲ့ကား၊ တော်တော်ကြာတယ် အဲမှာ ပစ်နေကြတာ၊ ခြံထဲအထိတောင် ပစ်သံတွေ ကြားနေရတာ၊ နောက်လက်နက်ကြီးအသံတွေလည်း ကြားရတယ်၊ ခြံကနေ လှမ်းတွေ့တာက အဲဒီကားက မီးလောင်နေတာတော့ တွေ့တယ်၊ ဘယ်လိုဖြစ်သွားတာလဲတော့ မသိဘူး” လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံက DNA ကိုပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးလိုက်ပါစီးနင်းလာတဲ့ Mark II အိမ်စီးကားကို ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်မှာ ရပ်တန့်စစ်ဆေးရာမှာ မောင်းပြေးသဖြင့် ရေးပြောက်ကျားပူးပေါင်းတပ်ဖွဲ့မှ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
သေနတ်ပစ်ခတ်မှုကြောင့် ကားက လမ်းဘေးမြောင်းထဲကို ထိုးကျခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူဟု ယူဆရသူတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရေးပြောက်ကျားအဖွဲ့က ဆိုပါတယ်။
 
အဲနောက်မှာတော့ စစ်ကောင်စီရဲ့ အခြေစိုက်အမြောက်တပ် (၃၁၇)မှ လက်နက်ကြီးပစ်ကူပေးပြီး စစ်ကူလွှတ်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကားကို မီးရှို့ပြီး ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ရေးပြောက်ကျားက ထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်ဖြစ်ပွားနေတဲ့နေရာတွေနဲ့ အနီးပတ်ဝန်ကျင်းက ရော်ဘာခြံတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားနဲ့ တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DNA အနေနဲ့ ရေးပြောက်ကျားတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခဲ့ခြင်းမရှိသေးပါဘူး။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလည်း ကလေးကျောင်းပို့ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စစ်ကောင်စီရဲ့ အမှတ်(၇၁၇)အမြောက်တပ်က တပ်ဖွဲ့ဝင် ၆ ဦးကို မော့ကနင်ရွာသစ် အမြောက်တပ်အနီးလမ်းမတန်းပေါ်မှာ ရေးပြောက်ကျားတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ကာ တဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေနတ်သုံးလက် သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။