ရွှေပြည်အေးမြို့သစ်ကိုလေးရက်ကြာသိမ်းပိုက်ပြီးနောက် လူထုအထိနာမှာစိုးလို့ ကာကွယ်ရေးတပ်တွေထွက်ခွာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ၄ ရက်ကြာသိမ်းပိုက်ထားခဲ့ပြီးနောက် ဒေသခံလူထုအထိနာမှာဆိုးတဲ့ အတွက်မြို့ကို မဟာမိတ်တွေစွန်ခွာပေးလိုက်တယ်လို့ ဟုမ္မလင်းပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ PDF မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြိုသစ်ကို မနေ့က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စွန့်ခွာပေးလိုက်တာလို့ သူကဆိုပါတယ်။

” ၄ ရက်နေ့ကတည်းက ကျနော်တို့ စွန်ခွာပေးလိုက်တယ်။ အဓိကတော့ တချို့ပြည်သူတွေက အထိနာမှာဆိုးလို့ ပြောပေမယ် မြို့ကနေ မစွန့်ခွာကြဘူး။ ဟိုဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေရှိနေတော့ ပြည်သူတွေ အထိမနာအောင်ကျနော်တို့ ဖက်ကစွန့်ခွာဖို့ အမိန့်ရလို့ ဆုတ်ပေးလိုက်တာပါ ” လို့ သူကပြောပါတယ်။

ရွှေပြည်အေးမြို့သစ်ကို စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်း ဆက်ပြောပါတယ်။

” မြို့ပေါ်မှာ တိုက်ပွဲတွေကတော့ မရှိတော့ပါဘူးဗျ။    မနေ့က သူတို့သာလွန်အင်အားနဲ့မြို့ကို တက်စီးတယ်။ ကျနော်တို့စွန့်ခွာတာကို မသိဘဲသူတို့က လက်နက်ကြီးတွေနဲ့ ပစ်ဝင်တာပေါ့။ အဲဒါ့ကြောင့် စာသင်ကျောင်းတော့ လုံးဝပျက်ဆီးသွားတယ်လို့တော့ သိရပါတယ်။ သူတို့ နယ်မြေရှင်းလင်းရေး လုပ်ရင်း ပြည်သူတဦးကို ပစ်သတ်သွားတယ်လို့ သတင်းရတယ် ” လို့ သူကပြောပါတယ်။

ရွှေပြည်အေးမြို့သစ်ကို ဒီလ ၁ ရက်နေ့ကတည်း PDF မဟာမိတ်တွေက သိမ်းဆည်းခဲ့ပြီးနောက် စစ်အုပ်စုက ရေ၊လေ၊ကုန်းကြောင်းတွေတဆင့် အကြီးအကျယ်ထိုးစစ်ဆင်ခဲ့တာပါ။ 

ဒါအပြင် စစ်ကောင်စီရဲ့ ထောက်ပို့ရဟတ်ယာဉ် တစီးကိုလည်း ပျက်ကျအောင် ပစ်ချနိုင်တဲ့အထိ အဲဒီမြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

စစ်ကောင်စီဘက်က တပ်သား နဲ့ပျူစောထီး အယောက် ၂၀ ထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါ တယ်။

တိုက်ပွဲတွေကြောင့် တချို့ဒေသခံတွေက ဟုမ္မလင်းမြို့ပေါ်ကို စစ်ဘေးရှောင်ခဲ့ရတာတွေရှိသလို စစ်အုပ်စုကလည်း ဟုမ္မလင်းမြို့ကို စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ် လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်အထိ မြို့ပေါ်မှာ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးသလို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေတာတွေရှိတယ်လို့ ဟုမ္မလင်းဒေသခံ တဦးကပြောပါတယ်။