အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအကြပ်အတည်းတွေကို ဖြေရှင်းရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ရွေးကောက်ပွဲသစ်တစ်ခု ကျင်းပဖို့ ကြိုးစားအားထုတ်နေတာဟာ ရလဒ်ကောင်းတခုမဟုတ်ဘဲ သွေးထွက်သံယိုမှု ပိုများတဲ့ ပဋိပက္ခဆီကို ဦးတည်သွားနေတယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက မွန်ပြည်သူလူထုတွေကို ကြေညာချက်ထုတ်ပြန်ရာမှာ ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာတွေကို အစိုးရအဆက်ဆက်မှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်နေထားတာကြောင့် မျှော်မှန်းထားတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးအတွက် အလှမ်းဝေးနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးပြဿနာတွေဟာ အခင်းအကျင်းသစ်တခုကို ပြောင်းလဲရောက်ရှိနေပြီး သက်ဆိုင်တဲ့ (Stakeholders)အဖွဲ့အစည်းသစ်တွေလည်း နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့ပေါ်ပေါက်နေတာကြောင့် စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တွေ့ဆုံဆွေးနေရုံမျှ မလုံလောက်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံအတွင်းက ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းသစ်တွေကို စိတ်ရှည်စွာ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးသင့်ပြီး ကမ္ဘာ့နိုင်ငံတွေက လက်ခံထောက်ခံရပ်တည်နေတဲ့ အာစီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း နှစ်ဖက်လုံးကလိုက်နာလက်ခံအကောင်အထည်ဖော်သွားကြဖို့ကိုလည်း မွန်ပြည်သစ်ပါတီက တိုက်တွန်းထားပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့တော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်နေပြီး ဒီလမ်းစဉ်ကို မထိခိုက်ရင်တော့ အာဏာရအစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပြဿနာကို ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတ္ပေကို မျက်ခြေမပြတ်စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးကို ရှေးရူဦးတည်လျက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမလနဲ့ ဝိမလမင်းတို့က ဟံသာဝတီပြည် စတင်တည်ထောင်ခဲ့တဲ့ နေ့ထူးနေ့မြတ်ကို အစွဲပြုပြီး ၁၉၄၇ ခုနှစ်မှာ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားတွေကို အစဉ်တစိုက်ကျင်းပလာခဲ့ရာနေ ယခုနှစ်ဆိုရင် (၇၆)နှစ်မြောက် တိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။