ဧရာဝတီမြစ်အတွင်း ရှော့တိုက်ငါးဖမ်းသူတွေကို ဒေသကာကွယ်ရေးတပ်က ဖမ်းဆီး၊အသိပညာပေးပြီး ပြန်လွှတ်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်အတွင်းမှာ ရှော့တိုက်ငါးဖမ်းနေသူတွေကို ဒေသကာကွယ်ရေး တပ် တခုဖြစ်တဲ့ Peacock Warrior Force အဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့ပြီးနောက် သတိပေးပြီးပြန်လွှတ်လိုက်တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်အတွင်းမှာ ဧရာဝတီလင်းပိုင်နဲ့ ငါးသားပေါက်တွေ ရှော့တိုက်ဖမ်းသူတွေရဲ့ အန္တရာယ်က လွတ်ကင်း ဖို့အတွက် ကင်းလှည့်နေချိန်မှာ ရှော့တိုက်ငါးဖမ်းနေတဲ့ စက်လှေသုံးစင်းကို တွေ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆို ပါတယ်။
အဲ့ဒီစက်လှေတွေမှာ အမျိုးသားခြောက်ဦးနဲ့ ရှော့တိုက်ငါးဖမ်းရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို လည်း တွေ့ရတယ်လို့ Peacock Warrior Forceရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဖမ်းမိသူတွေကို ရှော့တိုက်ငါးဖမ်းမှုကြောင့် ဧရာဝတီလင်းပိုင် မျိုးပွားမှုနှုံးကျဆင်းတာ၊ငါးသားပေါက်တွေသေကြေ ပျက်စီးတာ၊ငါးသားပေါက်မှုနည်းလျော့ကျနိုင်တာကြောင့် ရေချိုငါးရှားပါးလာနိုင်တာစတဲ့ အခြေအနေတွေကို အသိပညာပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှော့တိုက်ငါးဖမ်းရာမှာ အသုံးပြုတဲ့ ရှော့စက်သုံးလုံး၊ဆက်စပ်ပစ္စည်းတွေနဲ့ ရှော့ပိုက်တခုတို့ကို သိမ်း ဆည်းလိုက်ပြီး ကျန်ပစ္စည်းတွေကိုတော့ မသိမ်းဆည်းပဲပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး မျိုးပွားမှုနှုန်းတဖြည်းဖြည်း လျော့ကျလာနေတဲ့ ဧရာဝတီ လင်းပိုင် တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတထိန်းသိမ်းရေးလှုပ်ရှားသူတွေ ကို ကြိုးစားနေပေမယ့် ရှော့တိုက်ငါးဖမ်းမှုတွေကြောင့် ဧရာဝတီလင်းပိုင်သေဆုံးမှုတွေရှိနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်အတွင်း မင်းကွန်းနဲ့ ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာမှာ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် ၂၀၀၇ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း ဧရာဝတီလင်း ပိုင်တွေကျက်စားလေ့ရှိတဲ့ ဧရာဝတီမြစ်အစိတ်အပိုင်းတချို့ကိုလည်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာတွေ အဖြစ် တိုးချဲ့သတ်မှတ်ခဲ့ပါတယ်။