ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်၊တပ်မဟာ (၅)နယ်မြေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တလ အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်နဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ လေကြောင်းက (၂၄)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းကနေ စစ်သေနတ်နဲ့ အချက် ပေါင်း ၂၃၀၀၀ ကျော်လည်း ပစ်ခတ်တိုက်ခိုက်တဲ့အတွက် နေအိမ် ၅၂ လုံး ထိမှန်ပျက်စီးသွားပြီး ဒါဇင်နဲ့ချီတဲ့ အိမ်တချို့မှာ မီးလောင်ပြာကျသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အထက်ပါပျက်စီးမှုတွေထဲ ဆေးရုံးဆေးခန်း (၄)လုံး နဲ့ ဘာသာရေးအဆောက်အဦး (၄)လုံးလည်း မီးလောင်ကျွမ်း ပျက်စီးမှုထဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလထဲ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ၊ သူ့လက်ကောင်ခံ BGF တပ်တို့ကြား တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီပူးပေါင်းတပ်ဖက်က ၄၇ ဦး သေဆုံးကာ ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ သေဆုံးမှုတွေထဲ တပ်ခွဲမှူး တဦး ပါဝင်တယ်လို့ ကေအဲန်ယူ ဘက်က ထုတ်ပြန်ထားပြီး KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကျဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ ဖော်ပြမထားပါဘူး။
တလအတွင်း တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ စစ်တန်းလျား (၆) လုံးနဲ့ စစ်သုံးမော်တော်ယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ တစ်နှစ်တာအတွင်း ကေအဲန်ယူ – တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှု ၃၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီး ၁၈၂ လုံး ကြဲချခဲ့ကာ လက်နက်ကြီးအလုံးရေ နှစ်ထောင်ကျော်နဲ့ တိုက် ခိုက်ခဲ့တယ်လို့တပ်မဟာ ၅ နယ်မြေရဲ့ နှစ်ချုပ်စာရင်းမှာဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် စစ်ကောင်စီဟာ KNU တပ်မဟာ (၅)နယ်မြေထဲ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ပြုလုပ်ခဲ့တဲ့ လေ ကြောင်း တိုက်ခိုက်မှုရဲ့ ထက်ဝက်ကျော် ပမာဏကို ပြီးခဲ့တဲ့ တလတာအတွင်း ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ခုနှစ်အတွင်း တပ်မဟာ(၅)နယ်မြေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၉၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အရပ်သားနေအိမ် ၉၆ လုံး၊ ဘုရား ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ တိရစ္ဆာန်တွေနဲ့ ပိုင်ဆိုင်မှုတွေလည်းပျက်စီးဆုံးရှုံးခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ကြောင့် ပင် ဒေသခံပြည်သူရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှု ကာလတန်ဖိုးမှာ ကျပ်သိန်းတစ်ထောင်ကျော် မီးလောင်ပျက် စီးခဲ့ တယ်လို့ ဆိုပါတယ်။