ဆွီဒင်နဲ့ ဖင်လန် NATO အဖွဲ့ဝင် ဖြစ်ရေးမှာ အရေးပါလာနိုင်တဲ့ F-16 တိုက်လေယာဉ်တွေ

ဆွီဒင်နဲ့ ဖင်လန် နိုင်ငံတွေ NATO မဟာမိတ် အဖွဲ့ထဲ ဝင်ခွင့်ရရေး တူရကီကို ဆွဲဆောင်ရာမှာ F-16 တိုက်လေယာဉ်တွေ ရောင်းချရေး သဘောတူညီမှုကို ထည့်သွင်း ညှိနှိုင်းဖို့ အမေရိကန် အစိုးရကို လွှတ်တော် အမတ် တချို့က တိုက်တွန်းခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ပြီးခဲ့တဲ့နှစ်မှာ မြောက်အတ္တလန္တိတ် စစ်မဟာမိတ် စာချုပ်အဖွဲ့ (NATO)ကို ဝင်ရောက်ဖို့ တရားဝင် အဆိုတင်ခဲ့ပေမယ့် တူရကီရဲ့ ထင်မှတ် မထားတဲ့ ကန့်ကွက်မှုနဲ့ ကြုံနေရပါတယ်။ အမေရိကန်က အဲဒီ ဥရောပ နှစ်နိုင်ငံကို NATO အဖွဲ့ဝင်အဖြစ် လက်ခံလိုပေမယ့် တူရကီကတော့ ရန်သူတော် ကာ့ဒ်လက်နက်ကိုင် အဖွဲ့အစည်း (PKK)အပေါ် ဆွီဒင်ရော၊ ဖင်လန်ကပါ ပိုပြီး တင်းတင်းမာမာ အရေးယူမယ်ဆိုတဲ့ အာမခံချက်မျိုးကို တောင်းဆိုနေပါတယ်။

ဇွန်လတုန်းကတော့ တူရကီ၊ ဆွီဒင်နဲ့ ဖင်လန်တို့ဟာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်က ဆွေးနွေးပွဲမှာ ကနဦးအဆင့် သဘောတူညီမှုတချို့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ဆွီဒင်ရဲ့ မြို့တော်၊ စတော့ခ်ဟုမ်းလ်မှာ ဒိန်းမတ် နိုင်ငံသား လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးက အစ္စလာမ် ဘာသာရေးရဲ့ အထွဋ်အမြတ် ကိုရန်ကျမ်း မိတ္တူကို မီးတင်ရှို့ပြခဲ့တဲ့နောက် ဆွေးနွေးမှုတွေကို တူရကီက တစ်ဖက်သတ် ရပ်ဆိုင်းထားခဲ့ပါတယ်။ NATO အဖွဲ့ဝင် ဖြစ်ချင်ရင် ဆွီဒင် အနေနဲ့ ပြည်တွင်းမှာ ကိုရန်ကျမ်းကို မီးရှို့ပြီး ဆန္ဒပြတာမျိုးတွေ ခွင့်ပြုထားတာကို ရပ်တန်းက ရပ်ရမယ်လို့လည်း တူရကီက အကျပ်ကိုင်ပါတယ်။

အခုအခါမှာတော့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု အမေရိကန် လွှတ်တော် အမတ်တချို့က သမ္မတ ဘိုင်ဒန်ဆီ ရေးပို့တဲ့ စာထဲမှာ နော်ဒစ် ဒေသက နိုင်ငံနှစ်ခုဟာ NATO အဖွဲ့ဝင်အဖြစ် ကောင်းမွန်ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။ ပြီးတော့ တူရကီ အနေနဲ့ ဆွီဒင်ကို NATO အဖွဲ့ဝင်အဖြစ် လက်ခံမှ အမေရိကန်ကလည်း တူရကီဆီ F-16 တိုက်လေယာဉ်တွေ ရောင်းချပေးမယ် ဆိုတာမျိုး တန်ပြန် ညှိနှိုင်းယူသင့်တယ်လို့လည်း အဲဒီ လွှတ်တော် အမတ်တွေက အကြံပေးထားပါတယ်။

ဘိုင်ဒန်ရဲ့ အစိုးရကတော့ တူရကီဆီ F-16တွေ ရောင်းချရေးကို မူအားဖြင့် ထောက်ခံသလို သဘောသဘာဝ မတူညီတဲ့ ကိစ္စနှစ်ခုကို ချိတ်ဆက်ဖို့ ငြင်းဆိုထားဆဲပါ။ တူရကီက ဖင်လန် တစ်နိုင်ငံတည်းကို ကနဦးအဆင့် NATO အဖွဲ့ဝင် ဖြစ်ခွင့်ရရေး ထောက်ခံလိုကြောင်း အရိပ်အမြွက် ပြောထားပေမယ့် ဖင်လန် အစိုးရကတော့ သူတို့နဲ့ ဆွီဒင်ဟာ အပြန်အလှန် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ရပ်တည်နေတာကြောင့် တစ်နိုင်ငံချင်း သီးခြားစီ NATO အဖွဲ့ဝင် ဖြစ်ရမယ်ဆိုတဲ့ အယူအဆမျိုးကို လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ ရှိတဲ့အနက် ဖင်လန်နဲ့ ဆွီဒင်ရဲ့ အဖွဲ့ဝင် အဆိုပြုချက်ကို တရားဝင် မထောက်ခံသေးတာဟာ တူရကီနဲ့ ဟန်ဂေရီ နှစ်နိုင်ငံသာ ကျန်ပါတော့တယ်။ တူရကီဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ် အသစ် အစီး ၄၀ အပြင် ရှိရင်းစွဲ လေယာဉ်တွေကို နည်းပညာပိုင်း အဆင့်မြှင့်ပေးမယ့် kitပေါင်း ၈၀ ​ဝန်းကျင်လောက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။