အမေရိကန် စွပ်စွဲနေသလို သူလျှို မိုးပျံပူဖောင်း မဟုတ်ဘဲ မိုးလေဝသ ပူဖောင်းသာ ဖြစ်တယ်လို့ တရုတ်ပြော

အမေရိကန်က စွပ်စွဲနေတဲ့ သူလျှို မိုးပျံပူဖောင်း ဆိုတာဟာ တကယ်တမ်းမှာ ရာသီဥတု လေ့လာရေး ပူဖောင်း တစ်ခုသာ ဖြစ်တယ်လို့ တရုတ်က ဖြေရှင်းခဲ့ပါတယ်။

အမေရိကန် အနောက်ပိုင်းက မွန်တာနာပြည်နယ် ကောင်းကင်ယံမှာ တွေ့ရှိခဲ့တဲ့ အဖြူရောင် ဝိုင်းစက်စက် အရာဝတ္ထုဟာ တရုတ်က လွှတ်တင်ထားတဲ့ ဟီလီယမ် ဓာတ်ငွေ့သုံး သူလျှို မိုးပျံပူဖောင်း တစ်ခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ​ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

အရမ်းမြင့်မားတဲ့ နေရာကနေ ရွေ့လျားပျံသန်းနိုင်တဲ့ မိုးပျံပူဖောင်းမှာ နေရောင်ခြည်ကို ခံယူစုဆောင်းပြီး စွမ်းအင် ပြန်ဖြည့်တင်းနိုင်တဲ့ ကင်မရာတွေ၊ အာရုံခံ ကိရိယာတွေ၊ ရေဒါအငယ်စားတွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို တပ်ဆင်ထားတယ်လို့ အမေရိကန်က ဆိုပါတယ်။

အမေရိကန် စစ်တပ်ဟာ အဲဒီ မိုးပျံပူဖောင်းကို ပစ်ချခဲ့မယ်ဆိုရင် အပျက်အစီးတွေ ပြန့်ကြဲ ကျရောက်လာမှာ စိုးတဲ့အတွက် ပျံသန်းမှု လမ်းကြောင်းကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ပြောပါတယ်။ ပြီးတော့ တရုတ် သံရုံးဆီ ဆက်သွယ်ပြီး ဘာကြောင့် သူလျှို မိုးပျံပူဖောင်းတစ်လုံး အမေရိကန် လေပိုင်နက်ထဲ ရောက်နေသလဲ ဆိုတာကို စုံစမ်း မေးမြန်းထားတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၃ ရက်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒါဟာ မိုးလေဝသ လေ့လာရေး မိုးပျံပူဖောင်း တစ်ခုသာဖြစ်ပြီး အမေရိကန် လေပိုင်နက်ထဲ မရည်ရွယ်ဘဲ ရောက်ရှိသွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။ အဲဒီ မိုးပျံပူဖောင်းကို လွှတ်တင်ထားတာဟာ မိုးလေဝသ လေ့လာရေး ရည်ရွယ်ချက် သက်သက်သာ ဖြစ်တယ်လို့လည်း တရုတ်ဖက်က ဖြေရှင်းပါတယ်။

မိုးပျံပူဖောင်းကို တွေ့ရှိခဲ့တဲ့ မွန်တာနာ ပြည်နယ်ဟာ အမေရိကန်ရဲ့ နျူကလီးယား ထိပ်ဖူးတပ် လက်နက်တွေ ထားရှိသိုလှောင်ထားတဲ့ နေရာတစ်ခုပါ။ အမေရိကန် အစိုးရဟာ အဲဒီ မိုးပျံပူဖောင်းကို လောလောဆယ် ပစ်မချဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တစ်ခုခု မူမမှန်တာမျိုး ဖြစ်လာတာနဲ့ ချက်ချင်း တုံ့ပြန်ဖို့ တိုက်လေယာဉ်တွေ အသင့်ပြင်ထားကြောင်း သိရပါတယ်။