စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင်ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ ရဟတ်ယာဉ် တစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကထုတ်ပြန်လာပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်ကို
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုတွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒီကနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား နဲ့ပျူစောထီး အယောက် ၂၀ ခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့တယ်လို့လည်း ဆက်ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ထားတယ်လို့ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်းက ဖေဖော်ဝါရီ ၂ရက်နေ့ကထုတ်ပြန်ထားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မြို့ခံတွေလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။