ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံ ၂၅၀ ကျော်အတွက်အစားအသောက်နဲ့ နေထိုင်စရာတွေအရေးပေါ် အကူ အညီ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီရေးလုပ်နေသူတွေကDNAကိုပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရွှေကျင်မြို့နယ်၊ဘလောခိုကျေးရွာအုပ်စု၊သစ်ခေါင်းကျေးရွာကို စစ်ကောင်စီက ရဟတ် ယာဉ်နဲ့ ပစ်ခတ်တာ၊ဝင်းကံကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ စတာတွေကြောင့် အိမ်ထောင်စု တရာ ကျော်က လူဦးရေ (၂၅၀)ဝန်းကျင် နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာ တော၊တောင်တွေထဲ တိမ်းရှောင်နေထိုင် နေကြရတာလို့သိရပါတယ်။
“ဆန်နဲ့ဆားပဲရှိကြတော့တယ်၊နေဖို့ကအစအဆင်ပြေသလိုပဲတဲထိုးရတဲ့အနေအထားရှိနေတယ်၊ကေအန်ယူကပဲစီစဥ်ပေးထားတာနဲ့ဖြစ်သလိုစားနေရတယ်၊လာရောက်ကူညီပေးမယ့်သူတွေလည်းအခက်အခဲဖြစ်နေတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူကပြောပါတယ်။
တိမ်းရှောင်နေရသူတွေထဲမှာကိုယ်ဝန်ဆောင်သည်အမျိုးသမီးနဲ့ကလေးငယ် ၅၀ ဝန်းကျင်လည်း ပါဝင်နေပြီး အ စားအစာ၊အာဟာရနဲ့ဆေးဝါးတွေပြတ်လပ်နေတာကြောင့်အရေးပေါ်ထောက်ပံ့ပေးဖို့လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေကဆိုပါတယ်။
နေရပ်စွန့်ခွာနေရတဲ့စစ်ဘေးရှောင်တွေအတွက်လိုအပ်မဲ့ဆေးဝါးတွေနဲ့အစားအစာအာဟာရတွေကို မြို့ပေါ်ကို ရောက်ရှိနေတဲ့စစ်ဘေးရှောင်တွေအတွက် လက်ရှိအချိန်အထိထောက်ပံ့ပေးနေသလို လက်လှမ်းမမီတဲ့နေရာတွေ အထိလိုက်လံထောက်ပံ့ပေးဖို့လည်းစီစဥ်နေတယ်လို့ ရွှေကျင်စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတဦးက ပြောပါတယ်။
“သူတို့သဘာဝကမြို့မတက်ဘူး၊သူတို့ကတောတိုးတော့ထောက်ပံ့နေရင်းနဲ့ကျန်တာ၊ မြို့ပေါ်စစ်ဘေးရှောင်စခန်း တွေဘဲရတာများတယ်၊တောကောင်း ရေကောင်းတဲ့နေရာလေးတွေမှာ ၃ဦး ၅ဦးစုပြီးနေနေကြရတာနဲ့ တိုက်ပွဲ နယ်မြေထဲဆိုတော့ ဘာမှလုပ်လို့မရကြဘူး၊ သူတို့အတွက်အမြန်ဆုံးရိက္ခာတွေရဖို့စီစဥ်ပေးနေပါ တယ်”လို့ စစ်ရှောင်အရေး ကူညီပေးနေသူကပြောပါတယ်။
ရွှေကျင်မြို့နယ် အတွင်းမှာပြီးခဲ့တဲ့ဇန်နဝါရီလ ၆ ရက်ကနေ ၂၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက် ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေရဲ့ နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင်ဒေသခံ တဦးကိုလည်းစစ်ကောင်စီကဖမ်းဆီးထားကာဒီကနေ့အထိပြန်လည်လွှတ်ပေးတာမရှိသေးဘူးလို့ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်းကလည်း ရွှေကျင်မြို့နယ်အနီးကျေးရွာတွေမှာ KNLA ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွား မှုတွေကြောင့်ဒေသခံ ၃၀၀၀ နီးပါးနေရပ်စွန့်ခွာတိမ်းရှောင်တာရှိခဲ့ပါတယ်။