မုံရွာမှာ လက်နက်ကြီးကျည်ထိလို့ အသက်ကိုးဆယ်ဝန်းကျင် အဘွားအိုဒဏ်ရာရပြီး ဘုန်းကြီး​ကျောင်း ထိခိုက် ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ တောပုကျေးရွာထဲကနေ အနီးတဝိုက်ရွာတွေဘက်ကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်လို့ အသက်(၈၈)နှစ်အရွယ် အဘွားအိုတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တောပု​ကျေးရွာ​မှာရှိတဲ့ စစ်​ကောင်စီလက်​အောက်ခံ ပျူ​စောထီး​တွေက ​ဖေ​ဖော်ဝါရီ ၁ ရက်​ညပိုင်းမှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးကျည်က အိမ်နားကသစ်ပင်ကိုထိမှန်သွားပြီး အပိုင်းအစက အဘွားကိုလာမှန်တာ၊အဘွားကအသက်သာကြီး​နေတာ သတ္တိသိပ်​ကောင်းတာ၊ ဒဏ်ရာကိုကုသတဲ့အချိန်မှာ တချက်မှ သူမငြီးငြူဘူး”လို့ ​ဒေသခံ တဦးက DNA ကို ​ပြောပါတယ်။
အဲ့ဒီလို လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်တာကြောင့် တောပုရွာအနီးဝန်းကျင်ကျေးရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာ-မန္တလေးလမ်း ပေါ်က စွမ်းရည်ထက် ဆီဆိုင်ထဲ တပ်စွဲထားတဲ့ စစ်သားတွေက ၆၀မမ လက်နက်ကြီးတလုံး ပစ်ခတ်တာကြောင့် ကျေးရွာတရွာက ဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျပြီး ထိခိုက်ပျက်စီးသွားတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကပြောပါတယ်။
“သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရွာထဲကဘုန်းကြီးကျောင်းပေါ်ကျတာ၊လူထိခိုက်မှု မရှိဘူး၊ကျောင်းရဲ့ အမိုး ကြမ်းခင်းနဲ့ သမံတလင်းကတော့ ပျက်စီးသွားတယ်”လို့ ​ဒေသခံတဦးက ပြောပါတယ်။
အဘွားအိုတဦးနဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့ ကျေးရွာနာမည်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါဘူး။