တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။
ဒီကနေ့ ပြည်တွင်းမှာသာမက ဗြိတိန်၊ ဂျာမဏီနဲ့ အမေရိကန်ရောက်မြန်မာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်က ဆန္ဒပြပွဲကို NUG ဝန်ကြီးနှစ်ဦးနဲ့ ဗြိတိန်ပါလီမန် အမတ်တချို့တက်ရောက်ခဲ့ကြပါတယ်။
မန္တလေးတိုင်း ပြည်ကြီးတံခွန်၊ တနင်္သာရီဒေသ၊ ကချင်ပြည်ဖားကန့်နဲ့ မကွေးတိုင်း၊ မကွေးမြို့၊ မြိုင်တို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။
ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ကနီ၊ ခင်ဦး၊ ဟုမ္မလင်းစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။
ဒီပဲယင်းနဲ့ ရွှေဘိုမြို့နယ်တွေမှာတော့ အာဏာသိမ်းမှုနှစ်နှစ်ပြည့် သပိတ်လှုပ်ရှားမှုအဖြစ် ဒီကနေ့ လှည့်လည်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။