ထီးချိုင့်မြို့နယ်၊ မြတောင် လမ်းဆုံဂိတ်ကို ပကဖတွေဝင်တိုက်၊ စစ်ကူလာတဲ့တပ်ကိုပါ ကြား ဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက စစ်တပ်စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ မြတောင်လမ်းဆုံဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် မနက် ၈ နာရီလောက်မှာ ထီးချိုင့် မြို့နယ်၊ မြတောင်လမ်းဆုံစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နယ်မြေခံပကဖတွေနဲ့ ကသာခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
“ဂိတ်က ထီးချိုင့်-ဗန်းမော်လမ်းဆုံမှာရှိတဲ့ ဂိတ်ပါ။ သူတို့ဖက်က အထိအခိုက်တွေရှိခဲ့ပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း လမ်းပိတ်လိုက်တာတော့မရှိပါဘူး’’လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အဲဒီဖြစ်ရပ်မှာ ပကဖဖက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့လည်းပြောပေမယ့် စစ်ကောင်စီဘက်က အထိအခိုက်ဘယ်လောက်ရှိတယ်ဆိုတာကတော့ တိတိကျကျမသိရပါဘူး။
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရလို့ သပိတ်ကျင်းမြို့နယ် ၇ မိုင်တပ်က စစ်ကူလာတဲ့ အင်အားအပြည့်ပါ စစ်ကားနှစ်စီးကို တကောင်းမြို့၊ ကျွဲကူးကန်မှာ ပဒေသာမိုင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ တောင်တလုံး- အင်ပျိုကြားမှာ ပဒေသာမိုင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီကားအပါအဝင် တပ်သားတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပေမယ့် အရေအတွက်အတိအကျမသိရပါဘူး။
ဒါ့အပြင်နီကယ်စက်ရုံက အင်အား ၁၅ ယောက်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေခံပကဖတွေမိုင်းဆွဲတိုက်ခိုက်တာကို ကာကွယ်ဖို့ သဖန်းချောင်းတံတားအနီး ငှက်ပျောတောထဲမှာ ကင်းပုန်းဝပ်နေတုန်းမှာ TBK တောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့နဲ့ တကောင်း-ပကဖတို့က ဒရုန်းနဲ့ ဗုံးသီးတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းအပြီး ပြည်သူလူထုဟာ ငြိမ်းချမ်းစွာနဲ့ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဆန္ဒဖော်ထုတ်မှုကိုအကြမ်းဖက်နှိမ်နင်းတာကြောင့် ရရာလက်နက်ကိုင်စွဲပြီး ခုခံစစ်ဆင်နွှဲရာမှာ စစ်ကိုင်းတိုင်းဟာလည်း စစ်ကောင်စီကို ထိထိရောက်ရောက် တော်လှန်နေတဲ့ တိုင်းလည်းဖြစ်ပါတယ်။