ယာယီသမ္မတဒူဝါလရှီးလရဲ့လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  ယာယီသမ္မတဒူဝါလရှီးလရဲ့လူမှုကွန်ရက်စာမျက်နှာဟာစစ်အာဏာသိမ်း ၂နှစ်ပြည့်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့မှာ မသမာသူတွေရဲ့တိုက်ခိုက်တာခံလိုက်ရတယ်လို့NUG က ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်မှာထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်း ၂နှစ်ပြည့်တဲ့ အဲဒီနေ့မှာ နိုင်ငံတဝန်းမှာစစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အသံတိတ်သပိတ်နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး အသံတိတ်သပိတ်အောင်မြင်တဲ့အတွက် အောင်ပွဲခံနေချိန်အခုလို လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံလိုက်ရတာလို့ NUG ကထုတ်ပြန်ပါတယ်။

ဒီလိုနည်းးပညာပိုင်းတိုက်ခိုက်မှုကြောင့် ယာယီသမ္မတဒူဝါလရှီးလရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့  ပိုစ့်တွေအားလုံးပျောက်သွားခဲ့ပြီး NUG ရဲ့ နည်းပညာအဖွဲ့ကြိုးပမ်းမှုကြောင့် ဖေဖော်ဝါရီ ၂ရက်နေ့မှာ ဖေ့ဘွတ်စာမျက်နှာကို လုံခြုံအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ NUG ရဲ့ဒီကနေ့ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီဟာ အွန်လိုင်းကနေတိုက်ခိုက်မှုတွေကို အရင်ထက်ဖိဖိစီးစီးအားထုတ်လုပ်ဆောင်နေတဲ့အတွက်ဆိုရှယ်မီဒီယာအသုံးပြုနေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့မိသားစုဝင်တွေလည်းပိုပြီးသတိထားကာကွယ်ကြဖို့ကိုလည်း NUG က ထုတ်ပြန်ထားပါတယ်။