စွဲချက်အားလုံးကနေ လွတ်မြောက်သွားပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ မုဒိမ်းကျင့်ဖို့ ကြံစည်မှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု စွပ်စွဲချက်တွေကနေ လုံးဝဥဿုံ ကင်းလွတ်သွားပြီ ဖြစ်ပါတယ်။

 အသက် ၂၁ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက ချစ်သူမိန်းကလေးအပေါ် အနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့အတူ တရားရင်ဆိုင်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတချို့အရ ဂရင်းဝုဒ်ဟာ သူ့ရဲ့ချစ်သူ ဟဲရီယတ် ရော့ဘ်ဆန်အပေါ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း ယုံကြည်ရပါတယ်။

 တစ်နှစ်လောက် ကြာမြင့်အပြီးမှာတော့ အမှုနဲ့ ပတ်သက်လို့ အဓိက သက်သေ တစ်ဦး နုတ်ထွက်သွားခြင်းနဲ့အတူ စုံစမ်း စစ်ဆေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ တော်ဝင် အစိုးရရှေ့နေ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဂရင်းဝုဒ်က အမှုပြီးဆုံးသွားတဲ့အတွက် စိတ်သက်သာရာ ရမိကြောင်း၊ ကူညီ အားပေးခဲ့တဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ခပ်တိုတို ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

 သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ အမှု ပြီးဆုံးသွားတာကို သိရှိထားကြောင်း၊ အသင်းရဲ့ အတွင်းပိုင်းမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာ နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ရှိနေဦးမှာဖြစ်ပြီး အဲဒီ အချိန်တလျှောက် ဂရင်းဝုဒ်ကို အသင်းနဲ့အတူ ပူးပေါင်းခွင့်၊ လေ့ကျင့်ခန်းဆင်းခွင့် ပေးဦးမှာ မဟုတ်ကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကစားသမားတွေ စာရင်းမှာ ဂရင်းဝုဒ်ရဲ့ နာမည် ပြန်ပါဝင်လာတာကို တွေ့ရပါတယ်။

 ယူနိုက်တက်ဟာ အမှုဖြစ်ပွားတဲ့ ကာလတလျှောက် ဂရင်းဝုဒ်ကို လစာအပြည့် ပေးချေထားသလို စာချုပ် ဖျက်သိမ်းတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်း ဆင်းခွင့် မပေးခဲ့သလို အသင်းလူစာရင်းကနေလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။ အမှုဖြစ်ပွားနေချိန် တလျှောက်လုံး ဂရင်းဝုဒ်ဟာ ယူနိုက်တက်ကို ကိုယ်စားပြုခွင့် မရခဲ့ပါဘူး။ တစ်ဖက်မှာတော့ ဂရင်းဝုဒ်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသင်းရဲ့ ဥပဒေ အကြံပေး အဖွဲ့ဆီက အထောက်အပံ့ ပေးတာမျိုးကို ခွင့်ပြုထားခဲ့ပါတယ်။

 အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တချို့ကတော့ ဂရင်းဝုဒ်ကို ထုတ်ပယ် မပစ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အင်္ဂလန် ဘောလုံးကလပ်ကတော့ အသင်းရဲ့ ပုံရိပ်ကို ထိန်းညှိဖို့နဲ့ အသင်းရဲ့ ကစားသမားကို ကာကွယ်ဖို့ဆိုတဲ့ ဝိရောဓိ နှစ်ခုကြားမှာ ဟန်ချက်ညီအောင် ထိန်းညှိ ရပ်တည်ဖို့ ကြိုးစားခဲ့ဟန် ရှိပါတယ်။ ဒါပေမဲ့ ဂရင်းဝုဒ်သာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ကစားသမားကို စာချုပ် ဖျက်သိမ်းမယ်ဆိုတဲ့ သဘောထားမျိုး ယူနိုက်တက်က ထင်သာမြင်သာ ပြသထားပါတယ်။

 ယူနိုက်တက် လူငယ် အကယ်ဒမီက ပျိုးထောင်ပေးခဲ့တဲ့ ဂရင်းဝုဒ်ဟာ မျိုးဆက်သစ်တွေထဲမှာ အလားအလာ အကောင်းဆုံး သွေးသစ် ကစားသမား တစ်ဦးအဖြစ် မျှော်လင့်စောင့်ကြည့် ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ အသက် ငယ်ရွယ်လွန်းသေးပေမယ့် ယူနိုက်တက်အတွက် ၁၂၉ ပွဲ ကစားပြီး ၃၅ ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။