စစ်ကိုင်းတိုင်း၊အင်းတော်မြို့မှာဖေဖော်ဝါရီ၁ရက်ကပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် မှတ်တမ်းဓါတ်ပုံတွေရိုက်ကူးနေတဲ့ဒေသခံတဦးကိုစစ်ကောင်စီရဲ့ ရဲတွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အင်းတော်မြို့နယ်အောင်ချမ်း သာရပ်ကွက်မှာနေထိုင်တဲ့ အသက်၄၀ကျော်အရွယ် ဦးလှအောင်ဖြစ်ပြီး အသံတိတ်သပိတ်ကြောင့် ရှင်းလင်းနေတဲ့ အခြေအနေကိုဓာတ်ပုံရိုက်နေချိန် ကင်းလှည့်နေတဲ့ရဲကားနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။
“ဒေသခံက ဘယ်အဖွဲ့စည်းနဲ့မှမပတ်သက်ပါဘူး၊ဒီတိုင်းဓာတ်ပုံရိုက်တာပါ၊အဲ့တာ ကင်းပတ်နေတဲ့ရဲကားနဲ့တိုးပြီး ဖမ်းခံလိုက်ရတာ၊အခုတော့ ရဲစခန်းထဲမှာဖမ်းခံထားရတယ်လို့ကြားတယ်ဗျ”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။
အင်းတော်မြို့ပေါ်မှာစစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ကင်းပါတ်တာတွေကင်းပုန်းဝပ်တာတွေရှိခဲ့သလို မြို့ထဲရှိ ပိတ်ထားတဲ့ဈေးဆိုင်တွေကိုလည်း အတင်းဖွင့်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။
လက်ရှိအချိန်အထိ အတည်ပြုထားနိုင်တဲ့စာရင်းတွေအရ မနေ့က အသံတိတ်သပိတ်မှာ ပြည်သူသုံးဦး ဖမ်းဆီးခံရတာဖြစ်ပါတယ်။ရန်ကုန်မြို့သမိုင်းလမ်းဆုံမှာ အသွားအလာရှင်းလင်းနေပုံကို ဓာတ်ပုံရိုက်ယူသူနှစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့မျက်မြင်တွေက DNA ကိုပြောထားပါတယ်။
စစ်အာဏာသိမ်းတာကို လူထုက အကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်မှုကိုပြသတဲ့ အသံတိတ်သပိတ် ဆင်နွှဲတာ ဒီတကြိမ်ကတော့ လေးကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီခြိမ်းခြောက်မှုကြားကပင် လူထုပါဝင်မှုအားကောင်းတာကြောင့် အောင်မြင်တယ်လို့သပိတ်အင်အားစုတွေကပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၁၀ရက် လူ့အခွင့်ရေးနေ့အထိမ်းအမှတ်အသံတိတ်သပိတ်ဆင်နွှဲရာမှာတော့ ရန်ကုန်မြို့က အသက်သုံးဆယ်အရွယ် ဓာတ်ပုံဆရာ ကိုစိုးနိုင်ဟာ မှတ်တမ်းယူစဉ် ဖမ်းဆီးခံရပြီးစစ်ကြောရေးမှာသေဆုံးခဲ့ပါတယ်။