အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ရရှိဖို့ ယူကရိန်း အာဏာပိုင်တွေရဲ့ လူသိရှင်ကြား တောင်းဆိုမှုတွေဟာ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို အံ့ဩပြီး စိတ်ရှုပ်ထွေးစေခဲ့တယ်လို့ သိရပါတယ်။
အကြောင်းကတော့ စစ်ပွဲနဲ့ ပတ်သက်လို့ ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ရေးကိစ္စ လူမြင်ကွင်း နောက်ကွယ်မှာ ဆွေးနွေးကြတဲ့အခါ တိုက်လေယာဉ်တွေ အလိုရှိကြောင်း ယူကရိန်းဖက်က ဘယ်တုန်းကမှ ဦးစားပေးအဆင့် တင်ပြလေ့ မရှိတာကြောင့်လို့ အမေရိကန် စစ်ဘက်နဲ့ အစိုးရ ထိပ်တန်း အရာရှိ တချို့က ဆိုပါတယ်။
လောလောဆယ်တော့ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံ အစိုးရတွေက ယူကရိန်းဆီ တိုက်လေယာဉ်တွေ ထောက်ပံ့ရေး ကိစ္စဟာ လက်တွေ့ မကျလှဘူးလို့ အကြောင်းပြပြီး ငြင်းဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေကို မောင်းနှင်ဖို့ဆိုရင် ဆိုဗီယက် လေယာဉ်တွေနဲ့သာ အကျွမ်းတဝင် ရှိခဲ့တဲ့ ယူကရိန်း လေယာဉ်မှူးတွေအတွက် လေ့ကျင့်မှုတွေ အမြောက်အမြား လိုအပ်မှာ ဖြစ်တဲ့အပြင် ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကလည်း F-16လို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို အလွယ်တကူ ပစ်ျချနိုင်ခြေ ရှိနေတာကြောင့်ပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက တင့်ကားတွေကို လက်ခံရရှိအောင် စည်းရုံးနိုင်ခဲ့တဲ့နောက် F-16 တိုက်လေယာဉ်တွေ ရရှိဖို့ပါ လူသိရှင်ကြား အရှိန်မြှင့် တောင်းဆိုလာပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်လာမှုကို ကြားဖြတ် ဟန့်တားဖို့အတွက် F-16လို အနောက်နိုင်ငံ နည်းပညာသုံး တိုက်လေယာဉ်တွေကို အရေးတကြီး လိုအပ်ကြောင်း ယူကရိန်း စစ်ဘက် အရာရှိကြီး တချို့က ဆိုပါတယ်။
ဒီတောင်းဆိုမှုဟာ အမေရိကန်အတွက် အံ့ဩပြီး အငိုက်မိစရာ ဖြစ်ခဲ့တယ်လို့ အမည်ဖော်မပြတဲ့ အစိုးရ အရာရှိ တချို့က ပြောပါတယ်။ အကြောင်းကတော့ နှစ်နိုင်ငံ လူမြင်ကွင်းနောက်ကွယ်မှာ ဆွေးနွေးကြတဲ့ အခါတိုင်း ယူကရိန်းက ဦးစားပေးအဆင့် တောင်းဆိုတာတွေမှာ တိုက်လေယာဉ်တွေ ဘယ်တုန်းကမှ မပါခဲ့တာကြောင့်ပါပဲ။ သိုသိုသိပ်သိပ် ဆွေးနွေးမှုတွေမှာ F-16တွေ ဖြည့်ဆည်းပေးဖို့ မတောင်းဆိုဘဲ လူသိရှင်ကြား အခြေအနေကျမှ ဒီလေယာဉ်တွေ လိုချင်ပါတယ်လို့ ယူကရိန်းက တွင်တွင်ပြောနေတဲ့ ရည်ရွယ်ချက်ကိုလည်း အမေရိကန်က သိချင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေအရ ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်ပြီး အနောက် မဟာမိတ် နိုင်ငံတွေ အချင်းချင်းမှာကို အယူအဆ ကွဲပြားတာတွေ ရှိနေပါတယ်။ ယူကရိန်းအတွက် လောလောလတ်လတ် တင့်ကားတွေ ထောက်ပံ့ဖို့ ကတိပေးထားတဲ့ အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့က တိုက်လေယာဉ်တွေ ပေးပို့မှာ မဟုတ်ဘူးလို့ ယတိပြတ် ငြင်းထားပေမယ့် ပြင်သစ်ကတော့ အဲဒီကိစ္စအပေါ် လေးလေးနက်နက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ပိုလန်လို နိုင်ငံတွေကလည်း သူတို့လက်ထဲက F-16တွေကို NATO မဟာမိတ် အဖွဲ့ကသာ ခွင့်ပြုရင် ယူကရိန်းဆီ လွှဲပေးသွားမယ်လို့ ကမ်းလှမ်းထားပြန်ပါတယ်။
အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက စစ်ရေးသုတေသီ အများစုကတော့ F-16တွေကို ယူကရိန်းအတွက် ထောက်ပံ့ခြင်းဟာ လက်တွေ့ သိပ်မကျဘူးလို့ တညီတညွတ်တည်း သုံးသပ်ထားပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်း စစ်ဆင်ရေးတွေ ဆင်နွှဲစရာ အခြေအနေလည်း များများစားစား မရှိဘူးလို့ ဆိုပါတယ်။
အရင်တုန်းက ပိုလန်ဟာ တကယ်လို့ အမေရိကန်ကသာ F-16တွေနဲ့ အစားထိုးပေမယ်ဆိုရင် သူတို့လက်ထဲမှာ ရှိနေတဲ့ ဆိုဗီယက်လုပ် MiG-29 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲအပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ MiG-29တွေဟာ ယူကရိန်း တိုက်လေယာဉ်မှူးတွေနဲ့ အကျွမ်းတဝင် ရှိပြီးတဲ့ အမျိုးအစားတွေပါ။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ရုရှားကို တစ်ဖက်သတ် ရန်စတဲ့ သဘောမျိုး ဆန်လွန်းတယ်လို့ အကြောင်းပြပြီး အမေရိကန်ဖက်က ပယ်ချခဲ့ကြောင်း သိရပါတယ်။