သံတမန် မစ်ရှင်တွေ တိုက်ခိုက်ခံနေရတာကြောင့် လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ အီတလီ စီစဉ်

သံတမန်ရေးရာ မစ်ရှင်တွေ ကမ္ဘာအနှံ့မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တချို့အပြီး လုံခြုံရေး အစီအမံတွေ ပိုမို မြှင့်တင် တင်းကျပ်သွားမယ်လို့ အီတလီ အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ ဖမ်းဆီး အကျဉ်းချ ခံထားရတဲ့ နာမည်ကျော် အီတလီ စစ်သွေးကြွ တစ်ဦးနဲ့ ဆက်စပ်တဲ့ အဖွဲ့တွေရဲ့ အကြမ်းဖက်မှုဆန်တဲ့ လုပ်ရပ်တွေလို့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို တာဂျာနီက စွပ်စွဲခဲ့ပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းကစလို့ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဂျာမနီ၊ ဂရိ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဆွစ်ဇာလန်တို့မှာ အီတလီ သံတမန် မစ်ရှင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တစ်ဒါဇင် ဝန်းကျင်လောက် ဖြစ်ပေါ်ခဲ့ပါတယ်။

အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကြုံခဲ့ပေမယ့် အဲဒီ တိုက်ခိုက်မှုတွေအတွင်း ထိခိုက် ဒဏ်ရာရတာတွေတော့ မရှိခဲ့ဘူးလို့ တာဂျာနီက ဆိုပါတယ်။ ဒီဖြစ်ရပ်တွေအပြီး နိုင်ငံတကာက အီတလီ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေအပြင် ရောမမြို့တော်မှာရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးချုပ်ကိုပါ လုံခြုံရေး တင်းကျပ် မြှင့်တင်ထားလိုက်တယ်လို့ တာဂျာနီက အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကြုံခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ အပြင်းထန်ဆုံးကတော့ ဂရိနိုင်ငံ၊ အေသင်မြို့တော်မှာ ဖြစ်ပွားခဲ့ပါတယ်။ အီတလီ သံအရာရှိတွေရဲ့ ကားနှစ်စီးဟာ ဒီဇင်ဘာ လဆန်းက လူနေအိမ် တစ်ခုရှေ့မှာ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက် ခံရလို့ တစ်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေအပြင် အယ်လ်ဖရက်ဒို ကော့စ်ပီတိုကို ထောက်ခံကြောင်း ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေလည်း နိုင်ငံတချို့မှာ ပေါ်ပေါက်နေပါတယ်။ အသက် ၅၅ နှစ်အရွယ် ကော့စ်ပီတိုဟာ စစ်သွေးကြွဟောင်း တစ်ဦးဖြစ်ပြီး အကျဉ်းထောင် အာဏာပိုင်တွေနဲ့ အီတလီ အစိုးရအပေါ် မကျေနပ်လို့ အောက်တိုဘာလ ကတည်းက အစာငတ်ခံ ဆန္ဒပြနေပါတယ်။

သူဟာ အီတလီ အစိုးရပိုင် ကုမ္ပဏီ တစ်ခုက အမှုဆောင် တစ်ယောက်ရဲ့ ခြေထောက်ကို သေနတ်နဲ့ ပစ်လို့ ထောင် ၁၀ နှစ် ကျခံခဲ့ရသလို အီတလီနိုင်ငံ အနှံ့မှာ ဒိုင်းနမိုက် ဖောက်ခွဲ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီး နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရပါတယ်။

တူရင်မြို့မှာရှိတဲ့ အယူခံရုံးက ကော့စ်ပီတိုကို ချုပ်နှောင်ထားတဲ့ အစီအမံတွေ ပိုမိုတင်းကျပ်စေပြီး သီးသန့် ချုပ်နှောင်ထားတဲ့ နေရာကနေ တစ်နေ့ကို တစ်နာရီသာ ထွက်ခွင့်ပေးဖို့၊ မိသားစု ထောင်ဝင်စာ တွေ့ဆုံမှုတွေကို ပိုမို ထိန်းချုပ်ဖို့ အမိန့်ချခဲ့တဲ့နောက် ကော့စ်ပီတိုက အစာငတ်ခံ ဆန္ဒပြနေခဲ့တာပါ။

အီတလီ ပြည်ထဲရေး ဝန်ကြီး မက်တီယို ပီယန်တီဒိုဆီကတော့ အခုလိုမျိုး သံအရာရှိတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ ကော့စ်ပီတိုရဲ့ အမှုကို တည်ဆောက်ရာမှာ ပိုလို့တောင် အထောက်အပံ့ ဖြစ်စေလိမ့်ဦးမယ်လို့ ဆိုပါတယ်။ ကော့စ်ပီတိုရဲ့ ရှေ့နေကတော့ သူ့အမှုသည်ရဲ့ လွတ်လပ်ခွင့်တွေ တင်းကျပ် ခံရတာကို ရှေ့ဆက် အယူခံ ဝင်သွားမယ်လို့ ပြောကြားထားပါတယ်။