အခုလဆန်းက စစ်ကောင်စီလွတ်ငြိမ်းစာရင်းမှာပါပြီး ပြန်လွတ်ခဲ့ပေမယ့် မြိတ်ထောင်ဘူးဝမှာပြန်ဖမ်းခံခဲ့ရတဲ့ CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ဟာ ဇန်နဝါရီ ၃၀ရက်က မြိတ်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက DNA ကို ပြောပါတယ်။
” မနေ့ကပြန်လွတ်လာတာ၊သူ့ကို စစ်ဆေးတာတွေရှိခဲ့တယ်လို့တော့ သိရပါတယ်၊တခြားအကြောင်းအရာကတော့ လက်ရှိအခြေအနေမှာ ပြောလို့မရသေးပါဘူး၊ပြန်လွတ်လာပြီဆိုတာကိုတော့ အတည် ပြုပေးလို့ရပါတယ်”လို့ ဒေါက်တာမင်းထက်ပိုင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီကပေးတဲ့လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်နဝါရီ ၅ရက်က ပြန်လည်လွတ်မြောက်သူတွေထဲမှာ ဒေါက်တာမင်းထက်ပိုင်လည်းပါဝင်ခဲ့ပေမယ့် ထောင်ဘူးဝအရောက်မှာပဲ တခြားအမှုနဲ့ပတ်သက်လို့ စစ်ဆေးစရာရှိတယ်ဆိုကာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
“တခြားအမှုကပ်တယ်လို့သာပြောတာ၊အမှန်ကတော့ သက်သက်မဲ့ပြန်ဖမ်းတာပါ၊ဘာအမှုကပ်လဲဆိုတာ ကျွန်တော်တို့လည်းမသိဘူး”လို့ ဒေါက်တာမင်းထက်ပိုင်နဲ့နီးစပ်သူက ပြောပါတယ်။
ဒေါက်တာမင်းထက်ပိုင်ဟာ မြိတ်မြို့ပြည်သူ့ဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီက ဒေါက်တာမင်းထက်ပိုင်ကို ပုဒ်မ ၅၀၅(ခ)နဲ့ မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတားပေါ်မှာ ၂၀၂၁ခု နှစ် ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်သုံးနှစ်ချမှတ်ခဲ့တာပါ။