အရာတော် ငွေတွင်းရွာမှာ တပ်စွဲထားတဲ့စစ်တပ်က ရွာခံသုံးဦးကိုဖမ်းပြီး တဦးကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာခံအမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် တဦးကို ညတွင်းချင်းနှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ အရာတော်ပို့စ်က ကိုမောင်မောင်က DNA ကိုပြောပါတယ်။
ပျူစောထီးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၃၀ရက် မနေ့ကည၈နာရီမှာ ငွေတွင်းရွာခံတွေဖြစ်တဲ့ ကိုဇော်နိုင် ၊ ကိုကျော်မင်းစိုး နဲ့ကိုရှစ်ဗို့ တို့ကို မေးမြန်းစရာရှိတယ်လို့ဆိုကာ ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
“ဖမ်းခံရတဲ့ရွာသားသုံးဦးထဲက အသက်(၂၇)နှစ်အရွယ် ကိုကျော်မင်းစိုးကို PDF ထောက်ခံသူလို့ စွပ်စွဲပြီး ပျူစောထီးခေါင်းဆောင်ကျော်ဆွေအဖွဲ့ နဲ့အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ရက် ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့တယ်” လို့ကိုမောင်မောင်ကပြောပါတယ်။
လက်ရှိမှာ ငွေတွင်းရွာကပျူစောထီးခေါင်းဆောင်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရွာထဲကပြည်သူတွေရဲ့ ဖုန်းတွေကိုသိမ်းပြီး ရွာအပြင်ထွက်ခွင့်ပိတ်ပင်ထားတယ်လို့လဲ သိရပါတယ်။
ငွေတွင်းကျေးရွာမှာတပ်စွဲထားတဲ့ ဒေသခံပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံရွာ သားတွေကိုမကြာခဏဖမ်းဆီးနှိပ်ဆက်သတ်ဖြတ်မှုတွေကို ကျူးလွန်နေကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
အရာတော်မြို့နယ် သလဲဘာရွာမှာလည်းဇန်နဝါရီ ၂၇ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်တွေနှစ်ဘက်တိုက်ပွဲဖြစ်နေချိန်မှာ ပျူစောထီးတွေက ပြည်သူ့နေအိမ်တွေကို မီးရှို့ ခဲ့ပါသေးတယ်။ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထောင်ထားခဲ့တဲ့နင်းမိုင်းတွေကြောင့် လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူခုနစ်ဦးသေဆုံးခဲ့ပါသေးတယ်။