စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးအတွင်းမွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုး ဘေးမဲ့တောကသစ်တောဧက ၃၀၀ ဝန်းကျင်အထိ သစ်မှောင်ခိုသမားတွေကခိုးထုတ်ခဲ့တယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။
ကျိုက်ထီးရိုးဘုရားဘေးမဲ့တောဝန်းကျင်ဒေသက ဒက်ချောင်း၊ရသေ့တောင်၊မြစိမ်းတောင်၊ဝိဇ္ဇာတောင်၊စမတောင်နဲ့ ခေါင်းဆေးကန်နေရာတွေမှာ သစ်ခိုးထုတ်မှုတွေကြောင့် သစ်တောဧရိယာတွေ ထိခိုက်ပျက်စီးနေပြီလို့ဆိုပါတယ်။
“ကဒတ်ချောင်းကနေ ရသေ့တောင်၊မြစိမ်းတောင်၊စမတောင် ဆက်စပ်တဲ့တောင်တန်းကြီးနဲ့ခေါင်းဆေးကန်အထိ တတန်းထဲပဲ၊အဲ့နေရာတွေကို ကိုဗစ်ဖြစ်ပြီးတော့ အာဏာသိမ်းတဲ့နှစ်ကစပြီးတော့ တခြမ်းလုံးကိုသစ်ခိုးခုတ်သွားတယ်၊စစ်ကောင်စီသစ်တောဌာနနဲ့ ကျိုက်ထိုထဲကသစ်လုပ်တဲ့သူတွေခိုးထုတ်ကြတာ” လို့ သစ်တောထိခိုက်မှုတွေကိုစောင့်ကြည့်နေတဲ့ ဒေသခံတဦးကပြောပါတယ်။
သစ်ခိုးယူထုတ်လုပ်တဲ့နေရာအနီးတဝိုက်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိနေတာကြောင့် သစ်ခိုးထုတ်မှုတွေမှာ အဲ့ဒီတပ်ဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်နေတယ်လို့ ဒေသခံတချို့ကယူဆကြပါတယ်။
တရားမဝင်ခုတ်လှဲထားတဲ့သစ်တွေကို အလုံးလိုက်သယ်ယူရာမှာလည်း စမ္မတောင်ခြေကတဆင့်မွန်နဲ့ ပဲခူးထိစပ်နေရာအထိ တောတွင်းလမ်းဖောက်လုပ်ကာ ခိုးထုတ်နေတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
လက်ရှိကာလပေါက်စျေးအရသစ်(၁)တန်ကို ကျပ်သိန်း ငါးရာကနေ သိန်းတထောင်ဝန်းကျင်အထိရှိပေမယ့် မှောင်ခိုစျေးကွက်မှာတော့ သစ်တတန်ကို ကျပ်သိန်း၁၀၀ ဝန်းကျင်သာ တန်ကြေးရှိပြီး အာဏာသိမ်းကာလအတွင်းခိုးထုတ်မှုတွေကြောင့် သစ်တန်ချိန် သိန်းချီအထိဆုံးရှုံးနေရတယ်လို့ ကျိုက်ထိုမြို့ကသစ်ကုန်သည်တဦးကဆိုပါတယ်။
“ကြားရသလောက်သစ်တစ်ကွက် တစ်ဧက ကိုကျပ် သိန်း၈၀ကနေ သိန်း ၁၀၀ ကြားစျေးပေးပြီးတော့ မှောင်ခိုလုပ်ကြတယ်၊တောခေါင်းတွေနဲ့ မှောင်ခိုသမားတွေပေါင်းလုပ်နေကြတာပေါ့၊စစ်ကောင်စီကလူတွေနဲ့လည်း ဝေစားမျှစားသဘောလို့ပြောလို့ရပါတယ်”လို့သူကပြောပါတယ်။
အခုလိုတရားမဝင်သစ်ခိုးယူထုတ်လုပ်နေတဲ့အတွက် ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဧကပေါင်း ၅၂၀( ၁၅၆.၂၃ စတုရန်းကီလို မီတာ)ရှိရာက ဧက ၂၀၀ နီးပါး(စတုရန်း ၇၈.၁၁၅ စတုရန်းကီလိုမီတာ)အထိ တောပြုန်းတဲ့အခြေအနေရောက်နေတယ်လို့ ကျိုက်ထီးရိုးဒေသ သဘာဝပတ်ဝန်းကျင်လုပ်ဆောင်သူတွေက ထောက်ပြထားပါတယ်။
သစ်ခိုးယူထုတ်လုပ်တာတွေကြောင့် ကျိုက်ထီးရိုးသဘာဝဘေးမဲ့တောအတွင်းက ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်သုဥ်းလာမဲ့အပြင် သဘာဝပတ်ဝန်းကျင်အရပါပျက်စီးဆုံးရှုံးသွားနိုင်တယ်လို့ကျိုက်ထီးရိုးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်သူတစ်ဦးက ပြောပါတယ်။
“လူတစ်စု ကြီးပွားတိုးတက်ဖို့အတွက် ကျိုက်ထီးရိုးတောင်တန်းက သစ်တောတွေကို ပေးဆပ်လိုက်ရတာ တန်ရဲ့လား၊စဉ်းစားကြည့်ဖို့လိုတယ်၊ဒီအတိုင်းဆက်သွားရင် နှစ် အနည်းငယ်အတွင်း ကျိုက်ထီးရိုးတောင်တန်းမှာရှိတဲ့ သဘာဝအလှတွေ ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်”လို့ သူကပြောပါတယ်။
ကျိုက်ထီးရိုးစေတီတော်ပတ်ဝန်းကျင်ရဲ့ သစ်ပင်ပန်းမန်းနဲ့ တောရိုင်းတိရစ္ဆာန်တွေကိုစောင့်ရှောက်ဖို့ ရည်ရွယ်ကာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် နအဖ စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ရော်ဘာစိုက်ခင်းစီမံကိန်းတွေကြောင့် သစ်တောဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့သစ်တောဧရိယာအားလုံးနီးပါးကို သဘာဝဘေးမဲ့ဇုန်သစ်တောမခုတ်ယူရနယ်မြေအဖြစ် NLD အရပ်သားအစိုးရကသတ်မှတ်ထားခဲ့ပါတယ်။