နာမည်ကြီး ဖက်ရှင် အမှတ်တံဆိပ်တွေရဲ့ နောက်ကွယ်က ကယ်သူမဲ့နေတဲ့ အဖိနှိပ်ခံ ဘဝများ

(Just Styleရဲ့ Brands failing to protect Myanmar garment workers​ ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှာ အောက်ခြေ လုပ်သားတွေဟာ ရက်ရက်စက်စက် ဖိနှိပ် ခံနေရပေမယ့် သူတို့ရဲ့ လုပ်အားရင်းမြစ်ကနေ အကျိုးအမြတ်တွေ ခံစားနေတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေဆီက ထိထိရောက်ရောက် ဘာအကူအညီမှ မရကြရှာပါဘူး။

 မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ အလုပ်သမားတွေ အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု ၁၉၈ ခုထက် မနည်းကို စီးပွားရေး လုပ်ငန်းနဲ့ လူ့အခွင့်အရေး အရင်းအမြစ်စင်တာ (BHRRC)က ဖော်ထုတ် တွေ့ရှိခဲ့ပြီး အဲဒီ ဖြစ်စဉ်တွေနဲ့ ဆက်စပ်လို့ ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံက အလုပ်သမား ဦးရေဟာ ၁၀၄၀၀၀ ကျော် ရှိလိမ့်မယ်လို့ ဆိုပါတယ်။

 ကမ္ဘာသိ ဖက်ရှင် အမှတ်တံဆိပ်ကြီးတွေဟာ သူတို့ရဲ့ ထုတ်ကုန်ကွင်းဆက်မှာ လုပ်အားရင်းမြစ်တွေအဖြစ် အသုံးတော် ခံနေရတဲ့ အလုပ်သမားတွေအပေါ် အကာအကွယ်ပေးဖို့ အကြီးအကျယ် ပျက်ကွယ်နေတယ်လို့ BHRRCက ဆိုတယ်။ အဲဒီ အဖွဲ့က ကောက်ယူ စုဆောင်းထားတဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေထဲမှာ Inditex၊ Bestseller၊ Primarkနဲ့ H&Mတို့လို အထင်ကရ ဖက်ရှင် အမှတ်တံဆိပ်ကြီးတွေနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေလည်း ပါဝင်နေပါတယ်။

 အဲဒီလို လုပ်ငန်းခွင် ညှင်းပန်း အမြတ်ထုတ်မှုတွေကို သေချာ သရုပ်ခွဲကြည့်မယ်ဆိုရင် လူမဆန်တဲ့ အလုပ်ခွင့် ပတ်ဝန်းကျင်တွေကစလို့ လုပ်ခလစာ မတရားဖြတ်တောက် ခိုးယူတာတွေအလယ်၊ အကြမ်းပတမ်းနဲ့ လက်လွတ်စပယ် ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ အဆုံးထိ ဖြစ်ရပ်ပေါင်းစုံ ပါဝင်နေပါတယ်။ ဖက်ရှင် အမှတ်တံဆိပ်တွေ ထုတ်လုပ်ဖို့ အလုပ်လုပ်နေတဲ့ မြန်မာ ဝန်ထမ်းတွေက သူတို့ အနိုင်ကျင့် ဖိနှိပ်ခံရကြောင်း တိုင်ကြားတဲ့ အဓိက စွပ်စွဲချက်ဟာ လုပ်ခလစာ မတရားလျှော့ချတာ၊ ဖြတ်တောက်တာ၊ ခိုးယူတာတွေဖြစ်ပြီး စုစုပေါင်း ၅၆ ရာခိုင်နှုန်းထိ ရှိပါတယ်။ အဲဒီနောက်မှာတော့ မတရား အလုပ်ထုတ်ခံရလို့ မကျေမနပ် ဖြစ်ခဲ့ရသူ အချိုးအစားက ၄၄ ရာခိုင်နှုန်းနဲ့ ဒုတိယ လိုက်နေပါတယ်။ နောက်ပြီး ဖိနှိပ် ချုပ်ခြယ် ခံရတယ်လို့ ခံစားရတဲ့ အလုပ်သမားထုရဲ့ လေးပုံတစ်ပုံလောက်က သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် မရတဲ့အပေါ် စိတ်ပျက်နေကြတယ်။ လက်ရှိ ကာလ မြန်မာနိုင်ငံမှာ အလုပ်ခွင် သမဂ္ဂတွေ ဖွဲ့စည်းခွင့်ဆိုတာ လုံးဝ မရှိသလို ဖြစ်နေတယ်လို့ ဆိုတယ်။

 တစ်ကမ္ဘာလုံးက တခြား အရှုပ်အထွေးတွေကို အာရုံစိုက်နေတဲ့ အချိန် မြန်မာနိုင်ငံမှာတော့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကြီးတွေက တကယ့် မုန်တိုင်းကြီးတွေလို မွှေနှောက်နေပါတယ်။ အဲဒီ စိန်ခေါ်မှုတွေထဲမှာ စီးပွားရေး ဆုတ်ယုတ် ကျဆင်းလာခြင်းနဲ့ အကြမ်းဖက် မှုခင်းတွေ မြင့်တက်လာခြင်းတို့လည်း ပါဝင်နေတယ်လို့ BHRRCရဲ့ အလုပ်သမား အခွင့်အရေး ဌာနခွဲ အကြီးအကဲ နာတာလီဆွမ်းက ဆိုတယ်။ “စစ်တပ်က အာဏာသိမ်းလိုက်တာ ၂ နှစ်လောက် ကြာလာတဲ့ထိ အဝတ်အထည် အမှတ်တံဆိပ်တွေဟာ ပြည်တွင်းမှာ သူတို့ရဲ့ အဝတ်အထည်တွေကို ထုတ်လုပ်ပေးနေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးအပေါ် လုံလောက်တဲ့ လေးစားမှုမျိုး မပြသသေးဘူး ဆိုတာက စိုးရိမ်စရာ တွေ့ရှိမှု တစ်ခုပါပဲ”လို့ သူက ပြောပါတယ်။

 မြန်မာ့ အထည်ချုပ် လုပ်သားတွေ ခံစားနေရတဲ့ နိုင်လိုမင်းထက် ပြုကျင့်ခံရမှုတွေမှာ စက်ရုံ ပိုင်ရှင်တွေ ကိုယ်တိုင်က ကျူးလွန်သူအဖြစ် ပါဝင်နေတတ်ပြီး အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီး အနိုင်ကျင့်လေ့ ရှိတယ်လို့ BHRRCက အခိုင်အမာ ဆိုပါတယ်။

 BHRRCရဲ့ စစ်ဆေး တွေ့ရှိချက်တွေထဲက တချို့ကို ထုတ်နုတ်ပြပါမယ်။

– စစ်ဆေးတွေ့ရှိတဲ့ ဖြစ်စဉ် အားလုံးထဲမှာ ၄၂ ရာခိုင်နှုန်းက လူမဆန်တဲ့ အလုပ်ခိုင်းစေမှုတွေ၊ အတင်းအကျပ် အချိန်ပို ဆင်းခိုင်းတာတွေနဲ့ ဆက်စပ်နေပါတယ်။

– လိင်ကွဲပြားမှုကို အခြေခံတဲ့ အနိုင်အထက် ဆက်ဆံမှုနဲ့ နှောင့်ယှက်မှုတွေကလည်း စိုးရိမ်စရာ အချိုးအစားအဖြစ် ၃၀ ရာခိုင်နှုန်းလောက် ပါဝင်နေဆဲပါ။

– ဖြစ်စဉ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်မှာဆိုရင် ဝန်ထမ်းတွေက ခွင့်ခံစားခွင့် ငြင်းပယ် ခံရပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းလောက်က လုပ်ငန်းခွင် မလုံခြုံမှုအတွက် စိတ်ပူနေကြရပါတယ်။

– အလုပ်ရှင်နဲ့ စစ်တပ် ပူးပေါင်းပြီး အလုပ်သမားတွေကို နှိပ်စက် ခေါင်းပုံဖြတ်မှုက ၁၆ ရာခိုင်နှုန်း တွေ့ရပါတယ်။

– တစ်ဖက်သတ် ဖမ်းဆီးတာ၊ ချုပ်နှောင်တာတွေကတော့ ၁၁ ရာခိုင်နှုန်းလောက် ကြုံခဲ့ရပါတယ်။

 “အမျိုးသမီး အများစုဖြစ်တဲ့ (အထည်ချုပ်) လုပ်သားတွေဟာ မြန်မာ့ ဒီမိုကရေစီ ရုန်းကန်ရေး လှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ အခုတော့ သူတို့ဟာ အဆိုးတကာ့ အဆိုးဆုံး ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပြီ”လို့ ဆွမ်းက ဆိုတယ်။ “လုပ်ခလစာကို ဖြတ်တောက် ခိုးယူတာ၊ မတရား အလုပ်ထုတ်တာ၊ အလုပ်ခွင်က အမျိုးသမီး ခေါင်းဆောင်တွေကို တိုက်ခိုက်တာတွေက ကျွန်မတို့ ဝတ်ဆင်နေတဲ့ အဝတ်အထည်နဲ့ ဖိနပ်တွေ ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်က သာမန် ဝန်ထမ်း အလုပ်သမလေးတွေ ပုံမှန် ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကိစ္စမျိုးတွေ ဖြစ်လာပါပြီ။ မြန်မာနိုင်ငံ အခြေစိုက် စက်ရုံတွေကနေ ထုတ်ကုန်တွေ မှာယူနေတဲ့ ဖက်ရှင် အဝတ်အထည်နဲ့ အားကစား အမှတ်တံဆိပ်တွေဟာ တစ်ကမ္ဘာလုံးကို သူတို့ ဖြန့်ဝေ ရောင်းချမယ့် အဝတ်အထည်တွေက အမြတ်ထုတ်မှု အညစ်အကြေးတွေ စွန်းပေမနေတာ သေချာအောင် ပိုပြီး စူးစိုက် အားထုတ်သင့်နေပါပြီ”လို့ သူက ဆက်ပြောတယ်။

 “လက်ရှိ အခြေအနေတွေအရ ဖက်ရှင် အမှတ်တံဆိပ်တွေရဲ့ လုပ်ရိုးလုပ်စဉ် ချဉ်းကပ်မှုတွေဟာ လုံးဝ လုံလောက်မှု မရှိတော့ပါဘူး။ ရေတိုမှာတင် အထည်ချုပ် ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အလုပ်လုံခြုံမှုတွေကို ဖက်ရှင် ကုမ္ပဏီတွေက မြှင့်တင်ပေးဖို့ လိုနေပါပြီ။ အဲဒီနောက် ရေရှည်အတွက်လည်း လက်ရှိ ချဉ်းကပ်မှု ပုံစံတွေထက် ပိုပြီး ဝါယမ စိုက်ထုတ်ပေးတဲ့ အစီအမံတွေကို စဉ်းစားပေးသင့်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအတွက် အစွမ်းကုန် ကြိုးစား စောင့်ရှောက်ပေးတဲ့ အဓိပ္ပါယ်လို့လည်း ယူဆနိုင်ပါတယ်။ အဲဒီထဲမှာ စာရင်းစစ်တွေ၊ စက်ရုံ အုပ်ချုပ်ရေး အဖွဲ့ဆီက အစီရင်ခံစာတွေကို ဝတ်ကျေတမ်းကျေ စစ်ဆေးတာထက် မကဘဲ စက်ရုံ ဝန်ထမ်းတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆွေးနွေးတာမျိုးတွေ လိုအပ်နေပါပြီ။ စက်ရုံ အုပ်ချုပ်ရေး အရာရှိတွေ ဆိုတာက စစ်တပ်နဲ့ အလွမ်းသင့်ချင် သင့်နေမှာပါ။ မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်စပ် လည်ပတ်နေဆဲ ဖက်ရှင် အမှတ်တံဆိပ်ကြီးတွေ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို တာဝန်ယူပေးနေရတဲ့ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ဦးစားပေးကို ပေးရမယ်။ ဒါမျိုးက မဖြစ်နိုင်ဘူး ဆိုရင်လည်း တခြား ရွေးချယ်စရာတွေ၊ ဥပမာ တာဝန်ယူပြီး ထွက်ခွာသွားတာမျိုးတွေကို စဉ်းစားဖို့လိုတယ်”လို့ ဆွမ်းက ဝေဖန် ထောက်ပြခဲ့ပါတယ်။

 Primarkရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အမျိုးသမီး တစ်ယောက်ကတော့ “မြန်မာနိုင်ငံကနေ တာဝန်ယူ ထွက်ခွာဖို့ ဆိုတာမျိုး မလုပ်ခင်မှာ ကျွန်မတို့အတွက် ထုတ်ကုန် ထောက်ပံ့သူ (အထည်ချုပ်စက်ရုံ)ဟာ ကျင့်ဝတ် စည်းမျဉ်းတွေကို လိုက်နာမှု ရှိမရှိ ဆိုတာကို ဆက်ပြီး ဆန်းစစ် လေ့လာရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ရှုပ်ထွေးပြီး စိန်ခေါ်မှု များမြောင်လှတဲ့ အခြေအနေ တစ်ခုကို ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွန်မတို့ရဲ့ ကျင့်ဝတ် ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့ကို ပိုမို ချဲ့ထွင်ထားလိုက်ပါတယ်။ သူတို့ဟာ လက်ရှိ ကာလအတွင်း ပိုမို အားထည့် ကြိုးစား ဆောင်ရွက်နေကြသလို ထုတ်ကုန်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေဆီ ကျွန်မတို့ ပိုပြီး သွားရောက် ကြည့်ရှု စစ်ဆေးနိုင်အောင် စီမံပေးနေပါတယ်။ ထွက်ပေါ်လာသမျှ စွပ်စွဲမှုတိုင်းနဲ့ ဆက်စပ်ပြီး ကျွန်မတို့ ဆက်လက် စုံစမ်းပါမယ်။ ပြီးတော့ ပြည်တွင်းက ကျွန်မတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်သင့်တာတွေကို ပြန်ပြင်ဆင်ပေးပါမယ်။ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေရော၊ ပြီးတော့ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေအတွက် လုပ်အားစိုက်ထုတ် ပေးနေတဲ့ သူတွေအားလုံးရဲ့ လုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာ ရှိမှုတွေဟာ ကျွန်မတို့ရဲ့ ဦးစားပေး ကိစ္စလည်း ဖြစ်ပါတယ်”လို့ Just Styleကို ပြောပါတယ်။

 တခြား ဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ H&Mကတော့ တစ်ခုခု မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ နောက်ထပ် ဖက်ရှင် အမှတ်တံဆိပ် တချို့ကို ဆက်သွယ် မေးမြန်းထားရာမှာလည်း ပြန်မဖြေဘဲ နှုတ်ဆိတ်နေကြဆဲ ဖြစ်ပါတယ်။

 Photo – Getty Images