ပါကစ္စတန် နိုင်ငံရဲ့ ကူးသန်းပို့ဆောင်ရေး ကဏ္ဍမှာ တစ်နေ့တည်းနဲ့တင် ဆိုးဆိုးရွားရွား မတော်တဆမှုကြီးနှစ်ခု ဖြစ်ပွားပြီး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်က နိုင်ငံ အနောက်တောင်ပိုင်းမှာ ဘတ်စ်ကားတစ်စီး လျှိုထဲ ထိုးကျရာက မီးလောင်ပြီး လူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နိုင်ငံ အနောက်မြောက်ပိုင်းမှာလည်း စက်လှေတစ်စီး မတော်တဆ ဖြစ်ရာက ကလေး ၁၀ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
ဘာလိုချီစတန် ပြည်နယ်၊ ဘီလာမြို့နားမှာ ဖြစ်ပွားတဲ့ ဘတ်စ်ကား မတော်တဆမှုမှာ ကယ်ဆယ်ရေးတွေ ရောက်သွားတဲ့ အချိန် ရုပ်ဆင်းအင်္ဂါ မမှတ်မိလောက်အောင် မီးလောင်ကျွမ်းထားတဲ့ အလောင်း ၄၀ နဲ့ ဒဏ်ရာရထားသူ ၃ ဦးကိုသာ တွေ့ခဲ့ပါတယ်။ ဒဏ်ရာရထားသူတွေထဲက ၁ ဦးဟာ မကြာခင်မှာ ကွယ်လွန်သွားပြီး နောက်ထပ် ၂ ယောက်ရဲ့ အခြေအနေကလည်း စိုးရိမ်နေရဆဲလို့ ဆိုပါတယ်။
ကရာချိမြို့ကို ဦးတည်နေတဲ့ ဘတ်စ်ကားက ဘယ်လိုဘယ်ပုံ မတော်တဆမှု ဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းနေဆဲလို့ ပြည်နယ် ယာဉ်ထိန်းရဲ ဌာနက ပြောပါတယ်။ အလောင်းတွေကိုတော့ ဘယ်သူတွေဆိုတာ သိနိုင်အောင် DNA စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကနဦး သိရှိထားတဲ့ အချက်အလက်တွေအရ ဘတ်စ်ကားဟာ တံတားတစ်စင်းရဲ့ တိုင်ကို ဝင်တိုက်ပြီး လျှိုထဲ ထိုးကျသွားတယ်လို့ ယုံကြည်ရပါတယ်။
အဲဒီနေ့မှာပဲ ခိုဟတ် မြို့နားက တန်ဒါ ဆည်ကြီးထဲမှာ လှေတစ်စီး တိမ်းမှောက်ရာက ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ အလောင်းပြန်ဆယ် ရရှိသမျှဟာ အသက် ၇ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်တွေလို့ ဆိုပါတယ်။ လှေပေါ် လိုက်ပါလာတဲ့ ကလေးတွေထဲက ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၆ ဦးရဲ့ အခြေအနေက မကောင်းဘူးလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ နောက်ထပ် ၉ ယောက်လည်း ပျောက်ဆုံးနေဆဲပါ။
ဒေသခံ ရဲဌာနက အဲဒီလှေဟာ ကျောင်းတစ်ကျောင်းက ကလေး အများစု အပါအဝင် လူသုံးဒါဇင် နီးပါးလောက်ကို တင်ဆောင်ပြီး အပျော်ခရီးထွက်ရင်း တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိ အချိန်ထိ ပျောက်ဆုံးနေတဲ့ ကလေးတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် ဆည်ထဲမှာ အပန်းဖြေ လှေစီးခွင့်တွေကိုပါ ရဲတပ်ဖွဲ့က ယာယီ ပိတ်ထားလိုက်ကြောင်းလည်း သိရပါတယ်။