နိုင်ငံရဲ့ စစ်အခြေစိုက် စခန်းတစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက် ခံရကြောင်း အီရန်က အတည်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံ အလယ်ပိုင်းက အစ္စဖန်ဟန် မြို့မှာရှိတဲ့ စစ်စခန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒရုန်းနဲ့ တိုက်ခိုက်မှု ကြုံခဲ့ပေမယ့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ မရှိအောင် ဟန့်တားနိုင်ခဲ့တယ်လို့ အီရန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒရုန်းကနေ ကြဲချတဲ့ ဗုံးသီးတစ်လုံး ပေါက်ကွဲမှုကြောင့် စခန်းရဲ့ အဆောက်အအုံ တစ်ခု အမိုးမှာ အပေါက်ဖြစ်သွားတာကလွဲရင် ပျက်စီးမှုတွေ သိပ်မရှိခဲ့ဘူးလို့ အီရန်က ပြောပါတယ်။ နောက်ထပ် ဒရုန်း ၂ ခုကိုလည်း ကြားဖြတ်ဟန့်တား ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေကို နိုင်ငံခြား တိုင်းပြည်တစ်ခုက ကြိုးကိုင် အကောင်အထည် ဖော်ခဲ့တာလို့ စွပ်စွဲပေမယ့် ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။
ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအတွင်း အီရန် စစ်မှုထမ်းတွေ ထိခိုက် သေကြေတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အီရန် သတင်းဌာနတွေကတော့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ညပိုင်းမှာ လင်းလက်ပြီး ပေါက်ကွဲသွားတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုရယ်၊ ဖြစ်စဉ် ပေါ်ပေါက်တဲ့ နေရာတဝိုက်မှာ မီးသတ်ကားတွေ စုဝေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေရယ်ကို ထုတ်ပြန် ပြသခဲ့ပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်က စစ်စခန်းကို တိုက်ခိုက်ခံရတဲ့ ဒရုန်းတွေဟာ နည်းပညာ အဆင့်မြင့်မားတယ်လို့ ပြောကြားခဲ့ပြီး အရင်ကလည်း အလားတူ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူတို့မှာ ကောင်းကောင်း အတွေ့အကြုံ ရှိထားပြီးသားလို့ ဆိုပါတယ်။
အီရန် အစိုးရဟာ ပြည်တွင်းက ဆန္ဒပြမှုတွေကို အကြမ်းဖက် နည်းလမ်းတွေနဲ့ ဖြိုခွင်းနေတာတွေ၊ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် လက်နက် ထောက်ပံ့နေတာတွေကြောင့် နိုင်ငံတကာ ဖိအားတွေ တရိပ်ရိပ် တိုးလာနေတဲ့ အချိန်မှာ အခုလို တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
အီရန်က ဘယ်နိုင်ငံရဲ့ လက်ချက်ဆိုတာ အတိအလင်း မထုတ်ပြန်ပေမယ့် အစ္စရေးရဲ့ လုပ်ရပ်လို့ စွပ်စွဲလိုဟန် ရှိနေပါတယ်။ အမေရိကန် အစိုးရက ဒီကိစ္စဟာ အစ္စရေးရဲ့ တိုက်ခိုက်မှု ဟုတ်မဟုတ် ဆိုတာကို ဘာမှတ်ချက်မှ မပေးခဲ့ပေမယ့် အမေရိကန် စစ်တပ်ကတော့ အီရန်ပိုင်နက်ထဲမှာ ဘယ်လို စစ်ဆင်ရေးမှ မဆင်နွှဲခဲ့ဘူးလို့ အတည်ပြု ကြေညာသွားပါတယ်။