ရေဖြူ၊ ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့ ဒေသခံတဦးကို စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက သေနတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်ဒေသ မင်းသားရွာမှာ အသက် ၃၀ နှစ်ဝန်ကျင်းရှိတဲ့ဒေသခံတဦးဆိုင်ကယ်မောင်းနှင်လာချိန်မှာ ကင်းလှည့်ပြီး ဂိတ်ချစစ်ဆေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအမျိုးသားက သေနတ်တစ်ချက်ကျည်ထိမှန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ကံပေါက်ရွာခံတဦးက ဆိုပါတယ်။

“ သူက ဒီရွာကမဟုတ်ဘူး၊ တခြားရားဖူးရွာကပါ။ သူက ဆိုင်ကယ်မောင်းလာတဲ့အချိန် ကင်းလှည့်ပြီး ဂိတ်ချစစ်ဆေးနေတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ တိုးတာ၊ အဲဒီက လှမ်းခေါ် လှမ်းတာတာ သူက မကြားပဲ ဒီအတိုင်းပဲ ဆိုင်ကယ်မောင်းသွားတော့ ဟိုက သေနတ်နဲ့လှမ်းပစ်တာ တစ်ချက်သူ့ကို ထိသွားတယ်’’ လို့ ဒေသခံကဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ကံပေါက်ဒေသမှာ လုံခြုံရေးတင်းကြပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေပစ်ခတ်ခံရတဲ့ဖြစ်စဉ်အပြီးမှာ စစ်ကောင်စီဘက်က အရပ်သား ၁၀ဦးထက်မနည်းကို ဖမ်းဆီးသွားသလို ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက ဘယ်သူမှပြန်လွတ်မြောက်လာတာမရှိဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။