စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင် တထောင့်နှစ်ရာကျော်ဖမ်းဆီးခံရပြီး ရှစ်ဆယ်ကျော်သတ်ဖြတ်ခံရ

ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက NLD ပါတီဝင် ၁,၂၃၂ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပါတီဝင် ၈၄ ဦး ကိုတော့ ဖမ်းဆီးထားချိန်မှာ စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မှာထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကတည်းက စစ်အာဏာသိမ်းမူကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊ ထောင်ချတာ၊ ပိုင်ဆိုင်မူတွေကိုမတရားသိမ်းဆည်းတာ၊ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကိုကျူးလွန်နေခဲ့တာဖြစ်ပါတယ်။

ဒီလိုကျူးလွန်ခံရတဲ့ထဲမှာ NLD လွတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေလည်း ပါဝင်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံအတွင်း ပိုင်ဆိုင်မူသိမ်းဆည်းခံရသူတွေရဲ့ ခြောက်ဆယ်ရာခိုင်နူန်းကျော်ဟာ ပါတီဝင်တွေနဲ့ လွတ်တော်အမတ်တွေဖြစ်နေတာကို NLD လူ့အခွင့်အရေးချိုးဖောက်မူမှတ်တမ်းအရသိရပါတယ်။

ဒီမှတ်တမ်းဟာဆိုရင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာစသိမ်းကတည်းကနေ ၂၀၂၃ ဇန်နဝါရီ ၅ ရက်နေ့အထိကောက်ယူထားတာဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီကပြည်သူ့နေအိမ်တွေကို အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၉၁၃ ကြိမ်မှာ အိုးအိမ်အဆောက် အဦးပေါင်း ၃၅,၉၆၉ ပျက်စီးဆုံးရှုံးခဲ့ရသလို စစ်ကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦးရှိခဲ့တယ်လို့ မှတ်တမ်းမှာဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာမှာ NLD လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါဝင်နေတယ်လို့ အဆိုပါမှတ်တမ်းအရသိရပါတယ်။

ဒါ့အပြင် စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့တယ်လို့ NLD ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အထက်ပါမှတ်တမ်းဟာ NLD ရဲ့ လူ့အခွင့်အရေးချိုးဖောက်မူမှတ်တမ်းဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ ပြောဆိုမူတွေလည်းရှိနေပါတယ်။

ဒီနှစ်ဇန်နဝါရီလအတွင်းမှာပဲ ကန့်ဘလူမြို့နယ်က NLD ပါတီဝင်မိသားစုရှစ်ဦးနှင့် တမူးမြို့နယ်က NLD ပါတီဝင်နှစ်ဦးကို ပျူစောထီးတွေက ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခဲ့တာကို ဒေသတွင်းအခြေစိုက်တဲ့ မီဒီယာတွေကထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့အတူ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေ ဆိုးဝါးစွာကျဆင်းနေပေမယ့် စစ်ကောင်စီဟာ ပြည်သူလူထုတို့ရဲ့ ဒုက္ခကိုလျစ်လျူရှုပြီး ရွေးကောက်ပွဲကို ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုလို တည်ဆဲဥပဒေများတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆန့်ကျင်ကန့်ကွက်နေမှာစစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာမှာ အားပေး ကူညီသူတွေအဖြစ် သတ်မှတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။