ကျိုက်ထိုနဲ့ ညောင်တုန်းတို့မှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တို့မှာ စစ်ကောင်စီက လတ် တလောရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်ကာ ပြည်သူ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက္ကသာ-ခလွန်မီးရထားလမ်းတံတားမိုင်းခွဲခံရပြီးနောက် ဒေသတွင်းကျေးရွာတချို့ကိုစစ်တပ်ကအင်အားရာချီနဲ့ဝင်ရောက်စစ်ဆေးကာ လူငါးဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။

“စစ်တပ်နဲ့ရဲတွေရယ်အင်အားက တရာဝန်းကျင် နဲ့ ရွာထဲဝင်လာပြီးတော့အိမ်စေ့ဧည့်စာရင်းခေါ်စစ်တယ်၊ပြီးတော့ရွာထဲကလူငယ်နဲ့လူကြီးအရွယ်ငါး ဦးကိုစစ်မေးစရာရှိလို့ဖမ်းခေါ်သွားတယ်”လို့ စွပ်ပနူးရွာခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာသစ်ဆိပ်ပင်ကျေးရွာထဲကိုထပ်မံဝင်ရောက်ခဲ့ပြီးနောက်ဒေသခံတွေကိုခေါ်ယူစစ်မေးတာနဲ့ဧည့်စာရင်းစစ်ဆေးတာတွေရှိခဲ့ပေမဲ့ဖမ်းဆီးခံရတာမရှိခဲ့ဘူးလို့သစ်ဆိပ်ပင်ကျေးရွာဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ဖမ်းဆီးခံရတဲ့ စွပ်ပနူးရွာခံ ငါးဦးကို စစ်တပ်က သိမ်ဇရပ်မြို့မရဲစခန်းထဲ ခေါ်သွားတယ်လို့ သိမ်ဇရပ်မြို့တဦးကပြောပါတယ်။

ကျိုက်ထိုမြို့နယ် ကျိုက္ကသာ-ခလွန် ဆက်သွယ်ထားတဲ့ရထားလမ်းသံတံတားဟာ ဇန်နဝါရီ (၂၆)ရက်ကမိုင်းထောင်ဖောက်ခွဲခံရလို့တံတားနံရံတွေကွဲအက်ခဲ့ကာရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး မီးရထားဝန် ထမ်းတွေက လာရောက်ပြုပြင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်ကောင်စီကမီးရထားတွေကိုအသုံးပြုပြီးလက်နက်သယ်ဆောင်တာတွေပြုလုပ်နေတယ်လို့ဆိုကာရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းကိုဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့မကြာခဏမိုင်းဆွဲတာတွေရှိနေပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာလည်း ဧရာဝ တီမြစ်နဲ့နီးစပ်တဲ့ ကျေးရွာတွေမှာ စစ်တပ်ကအင် အားအများအပြားနဲ့ဧည့်စာရင်းလိုက်စစ်နေပြီး လက်ရှိအထိ ဒေသခံသုံးဦးဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

ညောင်တုန်းမြို့နယ် နတ်ပေးကျေးရွာအုပ်စုက ဂျုံးဂျုံးကျကျေးရွာအတွင်းကို စစ်တပ်နဲ့ရဲအင်အား ၁၅ ဦးလောက် ဇန်နဝါရီ (၂၆)ရက် ညပိုင်းက ဝင်ရောက် လာကာ ဧည့်စာရင်းစစ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ရွာထဲ စစ်တပ်တွေလားရဲတွေလားမသဲကွဲဘူး၊အရပ်ဝတ်တွေဝင်ပြီးအိမ်တွေကိုလာစစ်သွားတယ်၊လာတာညပိုင်းအိပ်ချိန်ဆိုတော့ သတိမထားမိဘူး၊အိမ်တွေကိုတော့လူနေလားဧည့်သည်တွေလာသွားလားမေးပြီးစစ်ဆေးသွားတယ်”လို့ သူကပြောပါတယ်။

ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့တဲ့စစ်တပ်နဲ့ရဲအဖွဲ့တွေဟာ အနီးအနားကစာဖြူစုကျေးရွာအတွင်းကိုထပ်မံဝင်ရောက်စစ်ဆေးသွားတဲ့အပြင်ကျေးရွာသား(၃)ဦးကိုလည်းမြို့မရဲစခန်း ကိုစစ်ဆေးစရာရှိတယ်လို့ဆိုကာဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

စစ်​ကောင်စီလက်အောက်ခံအဖွဲ့တွေဝင်ရောက်သွားတဲ့ကျေးရွာတွေဟာဧရာဝတီမြစ်နဲ့နီးစပ်တဲ့ကျေးရွာတွေဖြစ်ကာPDF တွေလာရောက်ခိုအောင်းမှာစိုးရိမ်တာကြောင့်လာရောက်စစ်ဆေးသွားတာဖြစ်နိုင်တယ်လို့ညောင်တုန်းမြို့ခံတစ်ဦးကဆိုပါတယ်။

“အခုတလော မြစ်ကမ်းနဲ့နီးတဲ့ရွာတွေကိုစစ်သားတွေရဲတွေအမြဲစစ်နေတာ၊PDF ရန်ကြောက်လို့လားသတင်းရလို့လားတော့မပြောတတ်ဘူး၊ညတိုင်းလှည့်ကင်းပတ်တာတောင်ကားမီးမဖွင့်ပဲကိုမောင်းတာပါရှိတယ်။”လို့သူကပြောပါတယ်။

ညောင်တုန်းမြို့မှာအခုလအစပိုင်းထဲက PDF တွေဝင်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရန်ကုန် တိုင်းနဲ့နီးစပ်တဲ့ကျေးရွာတွေအပါအဝင် ဧရာဝတီမြစ်ကြောတလျောက်နဲ့ပန်းလှိုင်မြစ်​တို့ကို စစ်ကောင် စီအဖွဲ့အင်အားအများအပြားနဲ့ကုန်းကြောင်း၊ရေကြောင်းကနေနေ့ရော ညပါကင်းလှည့်နေတယ်လို့ဒေသခံတွေကပြောပါတယ်။