သတ္တုမိုင်းတွင်း တူးဖော်ရေး လုပ်ငန်းမှာ အသုံးပြုတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတစ်ခု ပျောက်ဆုံးနေတာကြောင့် ဩစတြေးလျမှာ အသည်းအသန် လိုက်ရှာနေတယ်လို့ ဆိုပါတယ်။
အဲဒီ ပစ္စည်းလေးဟာ ၆ မီလီမီတာလောက် ကျယ်ဝန်းပြီး ၈ မီလီမီတာလောက်သာ မြင့်တဲ့ ဆလင်ဒါပုံ ကပ်ဆူးလ်ဘူးလေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ပမာဏ အတော်များတယ်လို့ ပြောလို့ရတဲ့ ရေဒီယို သတ္တိကြွ ကေစီယမ်-၁၃၇ ဓာတ်ပစ္စည်းတွေ ပါဝင်နေပါတယ်။
တကယ်လို့ အဲဒီ ပစ္စည်းကို သတ်မှတ်စံနှုန်း အကာအကွယ်တွေ မပါဘဲ ထိကိုင်မိရင်တော့ ဆိုးရွားတဲ့ ဖျားနာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
အဲဒီ ပစ္စည်းလေးဟာ ဇန်နဝါရီ လလယ်လောက်တုန်းက ပါ့သ်မြို့တော်နဲ့ နယူးမန်း မြို့ကြားထဲကို အသွားမှာ ထရပ်ကားပေါ်က ပြုတ်ကျပြီး ပျောက်ဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်။ ဒီတော့ ပစ္စည်းပျောက်ကို ရှာရမယ့် ခရီးတာ ပမာဏက ကီလိုမီတာ ၁၄၀၀ လောက်ထိ ရှည်လျားနေပါတယ်။ လောလောဆယ်တော့ အာဏာပိုင်တွေက မသင်္ကာစရာ ပစ္စည်း အသေးအမွှားလေးတွေကို တွေ့ရင် ထိကိုင်တာမျိုး မလုပ်ကြဖို့ ပြည်သူလူထုကို သတိပေး ဆော်ဩထားပါတယ်။
ကေစီယမ်-၁၃၇ ကို သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေမှာ အဓိက အသုံးပြုလေ့ ရှိပါတယ်။ အဲဒီ ဓာတ်ပစ္စည်းကို လက်နက် အဖြစ်တော့ အသုံးချလို့ မရပေမယ့် ထိကိုင်မိရင် အရေပြား လောင်ကျွမ်းတာအပြင် နောက်ဆက်တွဲ အရေပြားကင်ဆာလို ပြဿနာကြီးတွေ ကြုံနိုင်ပါတယ်။
လောလောဆယ်မှာ အစိုးရိမ်ဆုံး ဖြစ်နေတဲ့ ကိစ္စကတော့ တစ်ယောက်ယောက်က ဘာမှန်းမသိဘဲ အဲဒါလေးကို ကောက်ကိုင်လိုက်မှာ ဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ အန်ဒရူး ရောဘတ်ဆန်က ဆိုပါတယ်။
အခုအခါ အဲဒီပစ္စည်း သယ်ယူပြီး ထရပ်ကား ဖြတ်မောင်းခဲ့တဲ့ နေရာတလျှောက်ကို ပိုက်စိပ်တိုက် ရှာဖွေမှုတွေ စတင်နေပြီ ဖြစ်ပေမယ့် အတော်လေး အချိန်ယူရမယ့် အလားအလာ ရှိနေကြောင်း သိရပါတယ်။