ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော် စစ်ပြုမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ ကမ္ဘာကျော် တင်းနစ်သမား နိုဗက်ခ် ဂျိုကိုဗစ်ကို ယူကရိန်း သံအမတ်က တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ မျိုးဆက်ရဲ့ အတောက်ပဆုံး အားကစား ကြယ်တစ်ပွင့်အဖြစ် သတ်မှတ် ခံထားရသူ ဂျိုကိုဗစ်ဟာ လတ်တလောမှာ ဩစတြေးလျ အိုးပင်းကို ပါဝင် ယှဉ်ပြိုင် ကစားနေပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာ သူ့ရဲ့ ဖခင်ဖြစ်သူ ဆာဂျန် ဂျိုကိုဗစ်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ မျက်နှာပုံ ကပ်ထားတဲ့ ရုရှားအလံကို ကိုင်ပြီး စစ်ပွဲကို အားပေးထောက်ခံနေတဲ့ ရုရှား လက်ယာစွန်း ဝါဒီတွေနဲ့အတူ ရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒီလုပ်ရပ်ဟာ ပွင့်ပွင့်လင်းလင်း ရန်စမှု တစ်ခုလို့ သတ်မှတ် ယူဆနိုင်ပြီး ဂျိုကိုဗစ်ရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ဩစတြေးလျ နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဗာဆဲလ် မိုင်ရော့ရှ်နီချန်ကိုက ပြောပါတယ်။ ပြီးတော့ လက်ရှိ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ် ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
ဖခင်ရဲ့ အမြင်ဟာ သားဖြစ်သူနဲ့ တစ်ထပ်တည်း ကျပါတယ်လို့တော့ မပြောနိုင်ကြောင်း၊ ဒါကြောင့် ဂျိုကိုဗစ်ရဲ့ ရပ်တည်မှုက ဘယ်လိုလဲ ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ပြောပြသင့်ကြောင်း သူက ဆက်ပြောပါတယ်။
ဩစတြေးလျအိုးပင်း ကျင်းပရေး တာဝန်ခံတွေက ယူကရိန်းစစ်ပွဲကို ထောက်ခံကြောင်း နည်းလမ်း အမျိုးမျိုးနဲ့ ပြသခဲ့သူ ၄ ဦးကို ဇန်နဝါရီ ၂၅ ရက်က ဖယ်ရှား နှင်ထုတ်ခဲ့ကြောင်း ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ဂျိုကိုဗစ်တို့ သားအဖဆီက သီးခြား မှတ်ချက်ပေးတာမျိုး မရှိသေးကြောင်း သိရပါတယ်။