ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားတချို့က ရှေဟောင်းးကြေးခေါင်းလောင်းတွေ အခိုးခံရ

ကမ္ဘာအမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းအတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့မှာ ကြေးခေါင်းလောင်းတွေ ခိုးယူခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခု ရက်သတ္တပတ်အတွင်းမှာပဲ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေက ကြေးခေါင်းလောင်းတွေ အခိုးခံလိုက်ရတာလို့ ဆိုပါတယ်။

“ခေါင်းလောင်းအသေးလေးတွေ မဟုတ်ဘူးအကြီးကြီးတွေပါ။ ဘယ်အချိန်ခိုးလဲဆိုတော့ ညဖက်ဖြစ်ဖို့များတယ်။ တယောက်တည်းသယ်မရတော့ အများနဲ့ ခိုးရမယ်ထင်တယ် ” လို့ ပုဂံ ဒေသခံတဦးကပြောပါတယ်။

အဲဒီခိုးယူခံရတဲ့ ကြေးခေါင်းလောင်းတွေက ရှေးခေတ်လက်ရာတွေမဟုတ်ဘဲ ဒီကနေ့ခေတ်အလှူရှင်တွေ လှူဒါန်းတွေဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“အချိန်နဲ့ ရောင်းစားဖို့ပဲဖြစ်နိုင်တာပေါ့ အခုချိန်ဈေးနဲ့ဆိုရင်လည်း ခေါင်းလောင်း ၁ လုံးက ၁၀ သိန်းလောက်ရှိနိုင်ပါတယ်။ ပုဂံမှာ ခရီးတွေလည်း လာကြပါတယ်။ ခိုးဖို့ချောင်းပြီး လုပ်သွားတယ်လို့ပဲထင်တယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်တပ်အာဏသိမ်းဆည်းပြီးနောက် အမွေနှစ်စာရင်းဝင် ပုဂံဒေသမှာ အခုလိုပဲ ကြေးခေါင်းလောင်းတွေအပြင် ပြီးခဲ့တဲ့နှစ်တုန်းက ရှေးဟောင်းစေတီတွေ အရုပ်တွေနဲ့ နံရံဆေးရေး ပန်ချီတွေကို အချပ်လိုက်ခွာခိုးခံရတာတွေလည်း ရှိခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဝန်းကျင်ဟာ ၁၉၈၀ နောက်ပိုင်း အနှစ် ၄၀ ကြာအတွင်းပုဂံဒေသမှာ ရှေးပစ္စည်းခိုးခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနပညာရှင် တဦးက ဆိုပါတယ်။